ရန်ကုန် တောင်ပိုင်းခရိုင် ကညနရုံး နေရာပြောင်းရွှေ့၊ ယာဉ်မောင်းလိုင်စင် ရေးဖြေမှု ရွာသာကြီး ကညန တွင်သာ ဆောင်ရွက်ပေးမည်

ရန်ကုန် တောင်ပိုင်းခရိုင် ကညနရုံး နေရာပြောင်းရွှေ့၊ ယာဉ်မောင်းလိုင်စင် ရေးဖြေမှု ရွာသာကြီး ကညန တွင်သာ ဆောင်ရွက်ပေးမည်

ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ရုံးနေရာအား သန်လျင်သီလဝါ လမ်းမကြီးဘေး ရေကြောင်းတက္ကသိုလ်လမ်းဆုံ ဇာမဏီ အနောက်ကွင်းဘုရားကုန်း ကျေးရွာရှိ  အသစ်တည်ဆောက်ထားသော ရုံးသစ်ကြီးသို့ ပြောင်းရွှေ့သွားမည်ဖြစ်ပြီး ယာဉ်မောင်း လိုင်စင်ရေးဖြေ ဖြေဆိုခြင်းလုပ်ငန်းများကို ရွာသာကြီး ကညနတွင်သာ ပြောင်းလဲဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရုံးအား ယခင်က သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်း၌ ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ပေးခဲ့ရာမှ ရုံးနေရာ ကျဉ်းလွန်းသည့်အတွက် ယခုအခါ သန်လျင်မြို့၊ သီလဝါလမ်းမကြီးဘေး၊ ဘုရားကုန်းရပ်ကွက်၊ ဇာမဏီအနောက်ကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်၍ လုပ်ငန်းလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ယာဉ်မောင်းလိုင်စင် ရေးဖြေ ဖြေဆိုခြင်း လုပ်ငန်းများအား ယခင်က ရန်ကုန်တိုင်းဒေသကြီးရုံး၊ သံသုမာလမ်း (မြင်သာ)၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောင်ရွက်ခဲ့ရာမှ ယခု ကညနရုံးများပြန်လည်ဖွင့်လှစ်ပါက ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ( ရွာသာကြီး) တွင်သာ ယာဉ်မောင်းလိုင်စင် ရေးဖြေနှင့် လက်တွေ့ဖြေဆိုစစ်ဆေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ကိုဗစ်ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ နဲ့အညီ ဆောင်ရွက်ရတဲ့အခါမှာ ရုံးဟောင်းက နေရာကျဉ်းတဲ့အတွက်  အခက်အခဲတွေရှိပါတယ်။ ဒီလိုအခက်အခဲတွေမဖြစ်ရလေအောင် ဆိုပြီးတော့ ၂၀၁၉- ၂၀၂၀  ဘဏ္ဍာနှစ် ဒီဇင်ဘာလမှာ ရုံးသစ်ကြီး ဆောက်လုပ်မှု  ပြီးစီးသွားပြီဖြစ်တဲ့အတွက် က.ည.န လုပ်ငန်းတွေ ဝန်ဆောင်မှုပေးနိုင်ဖို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ကညနရုံးလုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေကိုတော့ အထက်ညွှန်ကြားချက်ရတာနဲ့ စတင်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်”ဟု ရန်ကုန် တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက မြန်မာတိုင်းမ်သို့ ပြောသည်။

လက်ရှိတွင် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ကနဦး ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုသာ ပြန်လည်ဆောင်ရွက်ပေးလျက်ရှိရာ ယာဉ်လိုင်စင် သက်တမ်းတိုးလပ်ငန်းများနှင့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း အခြားသော ကညန ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရှိသည်။

အဆိုပါ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မြို့နယ် ပေါင်း ၁၃ မြို့နယ်တွင်ရှိသော မော်တော်ယာဉ်များ သက်တမ်းတိုး လုပ်ဆောင်ခြင်းများ၊ ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်၊ ထော်လာဂျီလိုင်စင်၊ သုံးဘီးမောင်း လိုင်စင်စသည့် လုပ်ငန်းများကို တောင်ပိုင်းခရိုင် သန်လျင်ကညနရုံးမှ လုပ်ဆောင်ပေးနေရာ ယခုပြောင်းရွေ့ဖွင့်လှစ်ပေးသွားမည့် ရုံးအသစ်တွင် ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာန၏လမ်းညွှန်ချက် Social Distancing နှင့်အညီ မော်တော်ယာဉ်လုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်