နှစ်ဖက်တွေဆုံမည့် နေရာ ညှိနှိုင်းမရသဖြင့် NLD ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့်မွန်ညီညွတ်ရေးပါတီMUP ဆွေးနွေးပွဲ ပျက်သွားပြီဖြစ်ကြောင်းMUP ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူးနိုင်ငံစံတင်က ပြောသည်။
နှစ်ဖက် ပါတီရုံးများမဟုတ်သော ကြားနေရာ(တတိယ)နေရာတစ်ခု၌ တွေ့ဆုံရန် MUP ပါတီဘက်က တင်ပြခဲ့သော်လည်း NLD ပါတီဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်နယ် NLD ပါတီရုံးတွင်သာ တွေ့ဆုံမည် ဟူသော ဆုံးဖြတ်ချက်ကြောင့် ယခုကဲ့သို့ ဆွေးနွေးပွဲပျက်သွားကြောင်း နိုင်ငံစံတင်ကပြောသည်။
“ ကျွန်တော်တို့ သူတို့ကိုကြောင်းကြားထားပြီးသားလေ။ ကြားနေရာ တစ်ခုမှာတွေ့မယ်။တွေ့ဖို့ ကျွန်တော်တို့ ကိုယ်စားလှယ်လည်း ရွေးထားပြီးသားပါ။ သူတို့ပါတီရုံးဆိုရင် တွေ့ဖြစ်မှာမဟုတ်ဘူး။ဒါကို ကျွန်တော်တို့ကြောင်းပြန်ထားပြီးသား”ဟု နိုင်စံတင်ကပြောသည်။
တွေ့ဆုံမည့်နေရာ ညှိနှိုင်းရာတွင် NLD ပါတီဘက်က လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါတီရုံးကလွဲ၍ အခြားနေရာ၌ တွေ့ဆုံမည်မဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည့်အပေါ် MUP ပါတီဘက်က ပြည်နယ်ဝန်ကြီးချုပ် အိမ်ရာအတွင်းရှိ ဧည့်ရိပ်သာ၌ တွေ့ဆုံမည်ဆိုပါ လာရောက်တွေ့ဆိုနိုင်ကြောင်း အကြံပေးပြန်ကြားခဲ့သည်ဟု ဆိုသည်။ သို့သော် ယင်းအကြံပြုချက်အား NLD ပါတီက လက်မခံခဲ့ဟု နိုင်စံတင်ကဆက်ပြောသည်။
“ကြားနေရာက လုံခြုံရေးအကြောင်းပြချက်ရှိတယ်ဆိုရင် ကျွန်တော်တို့က ပြောတယ်။ ဝန်ကြီးအိမ်ရာထဲမှာရှိတဲ့ ဧည့်ရိပ်သာမှာလုပ်ရင်တော့ အဆင်ပြေမယ်ဆိုပြီး ကျွန်တော်တို့အကြံပေးလိုက်သေးတယ်။ ဒါတောင် သူတို့လက်မခံ ဘူးဗျာ။ လက်မခံတော့လည်း မသွားဖြစ်တော့ဘူးပေါ့”ဟု နိုင်စံတင်ကပြောသည်။
ဒေါက်တာ အောင်မိုညိုဉီးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် ထိုမတိုင်မီ ကချင်ခရီးစဉ်၌ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံဆွေးနွေးခဲ့သဖြင့် ကချင်ပြည်သူ့ပါတီဘက်က အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုသည် ပါတီ၏သဘောထားများမဟုတ်ကြောင်း ပြောဆိုခဲ့သည့်အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ MUP ပါတီက ကန့်ကွက်ခဲ့သည်။ MUP ၏ သဘောထားအတိုင်း အနိုင်ရကိုယ်စားလှယ်များနှင့်မတွေ့တော့ဘဲ ပါတီကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် NLD ပါတီက လိုက်လျောခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် NLD ဘက်က တိုင်းရင်း သားပါတီများနှင့် တွေ့ဆုံရာ၌ ပြည်နယ်ပါတီရုံးမှာသာ တွေ့ဆုံရန် လူကြီးများက ညွှန်ကြားထားကြောင်း တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရေးအလုပ်အဖွဲ့ဝင် ဉီးအင်ထုံးခါးနော်ဆမ်က ပြောသည်။
“တတိယနေရာမှာ လုပ်ရအောင်ဆိုတဲ့ သဘောမျိုးနဲ့ တင်ပြတာမျိုးရှိတယ်။ ဒါပေမယ့်ကျွန်တော်တို့လူကြီးတွေ အထက်က ညွှန်ကြားတာက ကိုယ့်ပြည်နယ်ရုံးမှာပဲလုပ်ဖို့ ညွှန်ကြားတယ်ဆိုတော့ ကျွန်တော်တို့လည်း ပြည်နယ်ရုံးမှာပဲတွေ့ဖို့စီစဉ်တဲ့သဘောပါ”ဟု ဉီးအင်ထုံးခါးနော်ဆမ်က ပြောသည်။
နှစ်ဖက်တွေ့ဆုံမည့် နေရာ သဘောတူညီမှု မရှိခဲ့သည့်တိုင် NLD ကိုယ်စားလှယ်များက ပြည်နယ်ပါတီရုံးတွင် နံနက် ၁ဝ နာရီအထိ စောင့်ဆိုင်းခဲ့သော်လည်း MUP ကိုယ်စားလှယ်များရောက်မလာသဖြင့် ဆွေးနွေးပွဲပျက် သွားပြီးဖြစ်ကြောင်း ဉီးအင်ထုံးခါးနော်ဆမ်က ပြောသည်။
“ကျွန်တာ်တို့ဘက်က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့ စိတ်အားထက်သန်ပါတယ်။ စိတ်အားထက်သန်ပြီး လာခဲ့တော့ တိုင်းရင်းသားညီအစ်ကို ပါတီတွေကလည်း သူတို့အမြင်ကတွေကတော့ တစ်မျိုးဖြစ်သွားတဲ့သဘော။ သူတို့လိုချင်တဲ့ အနေအထားကိုလည်း အထက်က ညွှန်ကြားပြီး ဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချင်ပေမယ့် မတွေ့ဖြစ်တဲ့ဟာကိုတော့ စိတ်တော့ မပျော်ဘူးပေါ့”ဟု ဉီးအင်ထုံးခါးနော်ဆမ်က ပြောသည်။
NLDပါတီဘက်က တွေ့ဆုံဆွေးနွေးရန် ဆက်လက်စောင့်ဆိုင်းတော့မည်မဟုတ်ဘဲ မွန်းလွဲအချိန်တွင် လေယာဉ်ဖြင့် နေပြည်တော်ပြန်ပြီး ကချင်နှင့် မွန်ပါတီ တို့မှ ရရှိထားသော အချက်များကို လူကြီးများထံ ပြန်လည်တင်ပြမည်ဟု ဉီးအင်ထုံးခါးနော်ဆမ်က ပြောသည်။
ဒေါက်တာအောင်မိုးညို ဉီးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် မွန်ပြည်နယ်တွင် အဓိက အင်အားကြီး ပါတီဖြစ်သော MUP ပါတီနှင့်တွေ့ဆုံမှုမပြုလုပ်မီ ဇန်နဝါရီ ၃ ရက်၌ ၎င်းတို့ပါတီမှ ရွေးကောက်ခံ အနိုင်ရ ကိုယ်စားလှယ်များနှင့် ဉီးစွာတွေ့ဆုံခဲ့သည်။
MUP ပါတီက ပါတီအချင်းအချင်း တွေ့ဆုံဆွေးနွေးရာတွင် သူ့ဘက်ကိုယ်ဘက် မျှတစေရန် ကြားနေရာတစ်ခုတွင် သာ တွေ့ဆုံရမည်ဟူသော မူဝါဒါတစ်ရပ် ချမှတ်ထားပြီး ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးပါတီတို့နှင့် တွေ့ဆုံရာတွင်လည်း အထက်ပါအတိုင်းတတိယနေရာ တစ်ခုတွင်တွေ့ဆုံခဲ့သည်ဟု နိုင်စံတင်က ပြောသည်။
ယခုကဲ့ တိုင်းရင်းသားပါတီနှင့် အာဏာရပါတီ နှစ်ဖက်တွေ့ဆုံရေး ပျက်သွားသဖြင့် ပြည်သူလူထု အနေဖြင့် မည့်သည့်ထိခိုက်မှုမှမရှိဘဲ ပါတီချင်းချင်းကိစ္စသာ ဖြစ်ကြောင် နိုင်စံတင်က မှတ်ချက်ပေးသည်။
















