နန်စီ ပလော်စီသည် မဲအနည်းငယ်အသာစီးဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီ ၃ ရက်တွင် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။
ယခင်ခေါင်းဆောင်မှုမျိုးဆက်များကဲ့သို့ပင် ခက်ခဲပြီး တောင်းဆိုမှုများသည့် တာဝန်ကို လက်ခံပါကြောင်း၊ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အရေးအကြီးဆုံးဦးစားပေးတာဝန်အဖြစ် ဆက်လက်သတ်မှတ်မည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်တစ်အမတ် ပလော်စီက အောက်လွှတ်တော်တွင်းပြောဆိုခဲ့သည်။
ပလော်စီသည် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် နှစ်နှစ်သက်တမ်းတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
အောက်လွှတ်တော်အမတ်အနည်းစုခေါင်းဆောင်ဖြစ်သလို ကယ်လီဖိုးနီးယားပြည်နယ်မှ ရီပတ်ဘလီကန်အမတ်လည်းဖြစ်သည့် ကဲဗင် မက်ကာသီက ပလော်စီအား လွှတ်တော်ဥက္ကဋ္ဌအဆောင်အယောင်တူငယ်ကို ပေးအပ်ခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌရွေးချယ်မှုအတွက် မဲပေးရာတွင် ပလော်စီသည် ထောက်ခံမဲ ၂၁၆ မဲနှင့် မက်ကာသီသည် ထောက်ခံမဲ ၂၀၉ မဲရရှိခဲ့သည်။
ပလော်စီသည် ၂၀၀၃ ခုနှစ်ကတည်းက အောက်လွှတ်တော်တွင်း ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ်ခဲ့ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရသည့် တစ်ဦးတည်းသော အမျိုးသမီးလည်းဖြစ်သည်။
ပလော်စီသည် နှစ်ပေါင်း ၅၀ အတွင်း တိုးတက်မှုအနည်းဆုံးရှိသည့် လွှတ်တော်ကို ဦးဆောင်ခဲ့ကြောင်း မက်ကာသီက လွန်ခဲ့သောနှစ်နှစ်အတွင်း ဝေဖန်ပြောဆိုခဲ့သည်။
နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း ရီပတ်ဘလီကန်များသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဒီမိုကရက်တစ်အမတ်များအပေါ် အနိုင်ရရှိမှုများလည်းရှိခဲ့သဖြင့် အောက်လွှတ်တော်အတွင်း အမတ်အများစုနေရာရရှိထားသည့် ဒီမိုကရက်တစ်များအတွက် သတိပေးမှုဖြစ်ကာ အများပြည်သူ၏ပြောဆိုမှုကို တကယ်တမ်းနားထောင်ရန် အချိန်ကျပြီဖြစ်ကြောင်း မက်ကာသီကပြောဆိုခဲ့သည်။
သို့သော် ရီပတ်ဘလီကန်အမတ်များ အထူးသဖြင့် ရီပတ်ဘလီကန်များ ဦးဆောင်နေသည့် အထက်လွှတ်တော်သည်သာ ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်သူများအား အကူအညီပေးရန်နှင့် အခြားကိစ္စရပ်များတွင် ကဖျက်ယဖျက်လုပ်နေကြောင်း ဒီမိုကရက်များက ပြန်လည်စွပ်စွဲခဲ့သည်။
ယခုမဲပေးမှုသည် ဇန်နဝါရီ ၃ ရက်တွင် ပြန်လည်စတင်သည့် လွှတ်တော်သစ်၏ ပထမဆုံး မဲပေးမှုလည်းဖြစ်သည်။

















