အပန်းဖြေခရီးထွက်သူများအား ပုပ်ရဟန်းမင်းကြီး ဝေဖန်

အပန်းဖြေခရီးထွက်သူများအား ပုပ်ရဟန်းမင်းကြီး ဝေဖန်

အီတလီနိုင်ငံ၌ ချမှတ်ထားသည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ရှောင်ရှားလိုသည့်အတွက် ပြည်ပသို့သွားရောက် အပန်းဖြေနေသူများသည် အခြားလူများ၏ဒုက္ခကို နားလည်နိုင်ရန် အားထုတ်သင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဇန်နဝါရီ ၃ ရက်တွင် ရှုတ်ချပြောဆိုခဲ့သည်။

COVID-19 ဆိုင်ရာ စည်းကျပ်မှုများကို ရှောင်ရှားပြီး အပျော်ရှာရန်အတွက် လေယာဉ်ခရီးစဉ်စီစဉ်သူများအကြောင်းကို သတင်းစာများ၌ ဖတ်ရှုခဲ့ရကြောင်း ဖရန်ဆစ်က မွန်းတည့်ချိန် တရားဟောကြားပြီးနောက် ပြောဆိုခဲ့သည်။

ပြည်ပသို့သွားရောက် အပျော်ရှာသူများသည် နေအိမ်များထဲ၌ နေထိုင်နေရသူများ၊ ကူးစက်ရောဂါတားဆီးရေးအတွက် ချမှတ်ထားသည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကြောင့် စီးပွားရေးပြဿနာကြုံနေရသူများ၊ နေထိုင်မကောင်းသူများနှင့်ပတ်သက်၍ ကိုယ်ချင်းမစာနိုင်သူများဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးကပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် မည်သည့်အရာများ ဖြစ်ပျက်လာနိုင်သည်ကို မသိနိုင်သော်လည်း အားလုံး အတူတကွလုပ်နိုင်သည်မှာ တစ်ဦးနှင့်တစ်ဦး ပိုမိုစောင့်ရှောက်ရန်သာဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွားကိုသာ ဂရုစိုက်ရန် သွေးဆောင်မှုများလည်းရှိနေကြောင်း ဖရန်ဆစ်ကပြောဆိုခဲ့သည်။

အစဉ်အလာပြုလုပ်နေကျ တရားဟောကြားမှုကို စိန့်ပီတာရင်ပြင်ကို စီးမြင်ရသည့် ပြတင်းပေါက်မှတစ်ဆင့်သာ ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ COVID-19 ကူးစက်မှုလျှော့ချရေးနှင့် လူစုလူဝေးမဖြစ်စေရေးတို့အတွက် ပုပ်ရဟန်းမင်းသည် ဗီဒီယိုလင့်ခ်မှတစ်ဆင့်သာ ပြုလုပ်ခဲ့သည်။