ရွေးကောက်ပွဲရလဒ်ပြောင်းလဲအောင် လုပ်ဆောင်ရန် ဂျော်ဂျီယာရွေးကောက်ပွဲတာဝန်ခံအား ထရမ့် ညွှန်ကြားခဲ့

ရွေးကောက်ပွဲရလဒ်ပြောင်းလဲအောင် လုပ်ဆောင်ရန် ဂျော်ဂျီယာရွေးကောက်ပွဲတာဝန်ခံအား ထရမ့် ညွှန်ကြားခဲ့

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၌ ၎င်း ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် ရလဒ်ကိုပြောင်းလဲနိုင်ရေး လုံလောက်သော မဲပမာဏရရှိအောင် လုပ်ဆောင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြည်နယ်ရွေးကောက်ပွဲတာဝန်ခံ ပြည်နယ်နိုင်ငံခြားရေးဝန်ကြီး ဘရတ် ရက်ဖန်ရှပါဂျာအား ညွှန်ကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဇန်နဝါရီ ၂ ရက်တွင် ရရှိခဲ့သည့် အသံဖိုင်တစ်ခုအရသိရသည်။

ထရမ့်နှင့် ရီပတ်ဘလီကန်တစ်ဦးဖြစ်သည့် ရက်ဖန်ရှပါဂျာတို့ကြား တစ်နာရီကြာ ဖုန်းပြောဆိုမှု အသံဖိုင်၏တစ်စိတ်တစ်ပိုင်းကို ဝါရှင်တန်ပို့စ်က ဇန်နဝါရီ ၃ ရက်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဂျော်ဂျီယာ၌ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့မှုရလဒ်ကို ပြောင်းလဲနိုင်ရေးအတွက် ထရမ့်သည် တောင်းဆိုမှု၊ မြှောက်ပင့်မှုနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ကြောင်း ဝါရှင်တန်ပို့စ်၏ဖော်ပြချက်အရသိရသည်။

ဖုန်းပြောဆိုမှုအတွင်း ရက်ဖန်ရှပါဂျာနှင့် ပြည်နယ်နိုင်ငံခြားရေးဝန်ကြီးရုံးဥပဒေအကြံပေးတို့သည် ထရမ့်၏ပြောဆိုမှုများကို ပယ်ချခဲ့ပြီး မျှတပြီး မှန်ကန်သော ရွေးကောက်ပွဲနှင့်ပတ်သက်၍ သမ္မတသည် ကောလာဟလများအပေါ် အခြေခံကာ ပြောဆိုနေကြောင်း ဖျောင်းဖျခဲ့သည်ဟု သတင်းစာက ဖော်ပြခဲ့သည်။

“ကဲကြည့်၊ ကျွန်တော်က ဒီလိုလုပ်ချင်တယ်၊ ကျွန်တော်နိုင်ဖို့အတွက် နောက်ထပ်မဲ ၁၁၇၈၀ လောက်လိုချင်တယ်၊ ပြည်နယ်မှာ ကျွန်တော် နိုင်ခဲ့တာမှန်တာကြောင့် ဒီလိုလုပ်ချင်တာ” ဟု ထရမ့်က ပြောဆိုခဲ့ကြောင်း အသံဖိုင်မှတ်တမ်းအရသိရသည်။

အိမ်ဖြူတော်၊ ရက်ဖန်ရှပါဂျာ၏ရုံးနှင့် ဘိုင်ဒင်၏အာဏာလွှဲပြောင်းရေးအဖွဲ့တို့က ယခုဖော်ပြမှုနှင့်ပတ်သက်၍ တစ်စုံတရာမှတ်ချက်ပေးခြင်းမရှိသေးချေ။