ဆေးဝါးကုမ္ပဏီများနှင့် ဆွေးနွေးဆဲဖြစ်သော်လည်း ဖေဖော်ဝါရီတွင် COVID-19 ကာကွယ်ဆေးရရှိမည်ဟု တောင်အာဖရိက မျှော်လင့်

ဆေးဝါးကုမ္ပဏီများနှင့် ဆွေးနွေးဆဲဖြစ်သော်လည်း ဖေဖော်ဝါရီတွင် COVID-19 ကာကွယ်ဆေးရရှိမည်ဟု တောင်အာဖရိက မျှော်လင့်

ဆေးဝါးကုမ္ပဏီများနှင့် ဆွေးနွေးဆဲဖြစ်ပြီး စာချုပ်ချုပ်ဆိုရခြင်းမရှိသေးသော်လည်း ဖေဖော်ဝါရီတွင် COVID-19 ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း တောင်အာဖရိကျန်းမာရေးဝန်ကြီး ဇွဲလီ ခါဇဲက ဇန်နဝါရီ ၃ ရက်တွင် ပြောဆိုခဲ့သည်။

တောင်အာဖရိက၌ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား 501.V2 ကြောင့် မကြာသေးမီရက်များအတွင်း ကူးစက်မှုနှုန်းမြင့်မားလာနေသည်။ တောင်အာဖရိက၌ COVID-19 ကူးစက်သူ တစ်သန်းကျော်နှင့် သေဆုံးသူ ၂၉၀၀၀ ကျော်ရှိနေသည်။

တောင်အာဖရိကအစိုးရသည် လုံလောက်သော COVID-19 ကာကွယ်ပေးပမာဏကို ဝယ်ယူရန် ပျက်ကွက်နေကြောင်း နာမည်ကျော် ကျွမ်းမာရေးကျွမ်းကျင်သူများက အဓိကသတင်းမီဒီယာများ၌ ဖော်ပြသည့် ဆောင်းပါးတစ်စောင်၌ ရေးသားခဲ့သည်။

တောင်အာဖရိကသည် အာဖရိက၌ စက်မှုအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဦးဆောင်နေသည့် COVID-19 ကာကွယ်ဆေး အညီအမျှဖြန့်ချိနိုင်ရေး COVAX အစီအစဉ်၌ ပါဝင်နေသည်။

COVAX အရ တောင်အာဖရိကသည် လူဦးရေ သန်း ၆၀ အနက် ၁၀ ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးရရှိမည်ဖြစ်သော်လည်း ကာကွယ်ဆေးပထမအသုတ်သည် ယခုနှစ် ဒုတိယသုံးလပတ်မှသာ ရောက်ရှိမည်ဖြစ်သည်။

အခြားနိုင်ငံများသည် နိုင်ငံသားများအား COVID-19 ကာကွယ်ဆေးပင် ထိုးနှံနေပြီဖြစ်သောကြောင့် တောင်အာဖရိကအစိုးရအနေဖြင့် ယခုအချိန်တွင် ဆေးဝါးကုမ္ပဏီများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီးဖြစ်သင့်ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။

COVAX အစီအစဉ်အရ ကာကွယ်ဆေးများမရရှိမီမှာပင် အခြားကာကွယ်ဆေးများကိုရရှိစေရေးအတွက် အတတ်နိုင်ဆုံးကြိုးပမ်းနေကြောင်း ကျန်းမာရေးဝန်ကြီး ခီဇဲကပြောဆိုခဲ့သည်။

လူအုပ်စုလိုက် ခုခံအားရရှိရေးအတွက် နိုင်ငံသားစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် လျာထားထားကြောင်း ခီဇဲကပြောဆိုခဲ့သည်။

COVID-19 တိုက်ဖျက်ရေး ရှေ့တန်းက ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးမည်ဖြစ်ပြီး ဒုတိယအသုတ်တွင် မရရှိမဖြစ်လိုအပ်သည့် ဝန်ထမ်းများ၊ အသက် ၆၀ ကျော်အရွယ်များ၊ ရောဂါအခံရှိသည့် အသက် ၁၈ နှစ်ကျော်အရွယ်များကို အဆင့်လိုက်ထိုးနှံပေးမည်ဖြစ်သည်။

တတိယအသုတ်တွင် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားများကို ထိုးနှံပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။