ကလေး-ကလေးဝကားလမ်းရှိ လမ်းပိုင်းတချို့အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့်အတူ ကလေး-တမူး နယ်စပ်သွား ကားလမ်းမပေါ်ရှိ တံတား ၆၉ စင်းအား ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်ထံမှ သိရသည်။
''အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမကြီးပေါ်က တံတား ၆၉ စင်းကိုအရင်က အိန္ဒိယနိုင်ငံဘက်က ကုမ္ပဏီတစ်ခုက တင်ဒါအောင်တယ်။ဒါပေမယ့် တင်ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတော့တဲ့အတွက်တင်ဒါရုပ်သိမ်းခံရပါတယ်။ အိန္ဒိယအစိုးရက တင်ဒါအသစ်ပြန်ခေါ်ပြီး စတင်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ တံတားလုပ်ငန်းတွေမစတင်မီဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကလေး-ကလေးဝလမ်း အဆင့်မြှင့်တင်ဖို့ ကတော့ လွှတ်တော်ကတိကဝတ်ဖြစ်ပါတယ်။ စတင်ဆောင်ရွက်နေပါပြီ''ဟု ဦးကိုကိုနိုင်က ပြောသည်။
မြန်မာ-အိန္ဒိယနယ်စပ် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွင်ရှိသည့် ကလေးဝ-ယာကြီးလမ်းမှာ ၁၁၅ မိုင်ပြီး အတိုဆုံးလမ်းပိုင်းဖြစ်သည်။ယင်းလမ်းမကြီးကို၂ဝဝဝ ပြည့်နှစ်တွင် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီးတံတားပေါင်း ၁၇၄ စင်း၊ ရေပြွန် ၁၈၃ ခုပါဝင်သည်။ အဆိုပါလမ်းအား၂ဝဝ၄ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သော်လည်း မိုးတွင်းကာလများတွင် နှစ်စဉ်လမ်းပျက်စီးမှုကြီးမားစွာ ဖြစ်ပေါ်နေသောကြောင့် ကုန်ကားများခရီးသည်တင်ကားကြီးများ သွားလာမှုမရှိသည့်လမ်းမကြီးဖြစ်သည်။ ယခုအခါအိန္ဒိယနိုင်ငံ (IMT Expressway) ကုမ္ပဏီက အကြီးစားပြုပြင်မှုများဆောင်ရွက်လျက်ရှိရာ ၂ဝ၂၁ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဟုယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကလေးဝ-ယာကြီးလမ်း အကြီးစားလမ်းအဆင့်မြှင့်တင်မှုဆောင်ရွက်နေစဉ်၊ နယ်စပ်ကုန်စည်ပို့ဆောင်ရေးကုန်ကားကြီးများ၊ ခရီးသည်တင် ဘတ်စ်ကားများ မဟာမြိုင်လမ်းခရီးမှ သွားလာနိုင်ရန် မဟာမြိုင်လမ်း-ကလေးဝ-ရေဦးကားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။ ကလေးဝ-ရေဦး(မဟာမြိုင်ဖြတ်လမ်း)မှာ (၁၆၅)မိုင်ရှိကြောင်း သိရသည်။
















