နိုင်ငံတကာအစိုးရများ၏လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည့် ဝီကီလိခ်စ်ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယံအက်ဆန့်အား အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးရန် လျှောက်ထားမှုကို ဗြိတိန်တရားသူကြီးတစ်ဦးက ဇန်နဝါရီ ၄ ရက်တွင် ပယ်ချခဲ့သည်။
အက်ဆန့်သည် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းခံရပါက ကိုယ့်ကိုယ်ကိုယ်သတ်သေသွားနိုင်ကြောင်း ခရိုင်တရားသူကြီး ဗာနက်ဆာ ဘာရိုင်ဆာကပြောဆိုခဲ့သည်။
တရားသူကြီး၏ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရကပြောဆိုခဲ့သည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်တွင် ပေါက်ကြားခဲ့သည့် အမေရိကန်စစ်ဘက်နှင့် သံတမန်ရေးမှတ်တမ်းများကို ဝီကီလိခ်စ်က ပုံနှိပ်ဖော်ပြခဲ့မှုဖြင့် အက်ဆန့်အား အမေရိကန်ဥပဒေအရာရှိများက သူလျှိုမှု ၁၇ မှု၊ ကွန်ပျူတာအလွဲသုံးစားမှုတစ်မှုတို့ဖြင့် တရားစွဲရန် ပြင်ဆင်နေသည်။ အပြစ်ရှိကြောင်း ထင်ရှားပါက အသက် ၄၉ နှစ်အရွယ် အက်ဆန့်သည် ထောင်ဒဏ် ၁၇၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။
အက်ဆန့်သည် သတင်းသမားတစ်ဦးဖြစ်ပြီး အီရတ်နှင့် အာဖဂန်နစ္စတန်တို့၌ အမေရိကန်စစ်တပ်၏ ပြစ်မှုများကျူးလွန်မှုဆိုင်ရာမှတ်တမ်းများကို ပုံနှိပ်ဖော်ပြခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုအာမခံသည့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၁ အရ လုပ်ပိုင်ခွင့်ရှိနေကြောင်း အက်ဆန့်၏ရှေ့နေများကပြောဆိုခဲ့သည်။
အက်ဆန့်အား နိုင်ငံရေးအရ ခိုလှုံခွင့်ပြုမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ မယ်နူယယ် လိုပက်ဇ် အော်ဘရာဒေါက ဇန်နဝါရီ ၄ ရက်တွင် ပြောဆိုခဲ့သည်။

















