အင်္ဂလန်တစ်ဝန်း ကူးသန်းသွားလာမှုပိတ်ပင်ချက်သစ် ချမှတ်

အင်္ဂလန်တစ်ဝန်း ကူးသန်းသွားလာမှုပိတ်ပင်ချက်သစ် ချမှတ်

အင်္ဂလန်၌ COVID-19 ကူးစက်သူသစ်ဦးရေ မြင့်တက်လာပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုအရှိန်မရမီတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဝန်နှင့်အားမမျှဖြစ်မည်ကို စိုးရိမ်သည့်အတွက် အင်္ဂလန်တစ်ဝန်း ကူးသန်းသွားလာမှုပိတ်ပင်ချက်သစ်များ ချမှတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဇန်နဝါရီ ၅ ရက်တွင် ပြောဆိုခဲ့သည်။

ကူးစက်နှုန်းမြန်ဆန်သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်တစ်မျိုး အကြီးအကျယ်ပျံ့နှံ့နေပြီး ကူးစက်မှုနှုန်းလျော့ကျသွားစေရေး အရေးတကြီးဆောင်ရွက်ရန် လိုအပ်ကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။

နိုင်ငံသားများအား ယခုစကားပြောနေချိန်တွင် ဆေးရုံများသည် ကူးစက်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အပြင်းထန်ဆုံးသော ဖိအားနှင့်ရင်ဆိုင်နေရကြောင်း ဂျွန်ဆင်က နိုင်ငံတော်သို့ ပြောဆိုသည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းကြောင့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် တင်းကျပ်သော ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ရမည်ဖြစ်ကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။

ယခုချမှတ်သည့် စည်းမျဉ်းများအရ ဇန်နဝါရီ ၅ ရက်မှစ၍ စာသင်ကျောင်းများကို ပိတ်သိမ်းခြင်း၊ စျေးဝယ်ယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်းနှင့် အခြားခြွင်းချက်အခြေအနေများမှလွဲ၍ ကျန်အချိန်များတွင် အိမ်အပြင်မထွက်ရန် ပိတ်ပင်ခြင်းတို့ပါဝင်မည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှု လျာထားချက်ပြည့်မီပြီး ကူးသန်းသွားလာမှုပိတ်ပင်ထားစဉ်အတွင်း ကူးစက်သူသစ်ဦးရေနှင့် သေဆုံးသူဦးရေကျဆင်းမည်ဆိုပါက ဖေဖော်ဝါရီအလယ်ပိုင်းလောက်တွင် ပိတ်ပင်ချက်များကို ရုတ်သိမ်းနိုင်ဖွယ်ရှိနေကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။

ဗြိတိန်သည် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို ပထမဆုံးထိုးနှံသည့် နိုင်ငံဖြစ်လာပြီးနောက် ဂျွန်ဆင်၏အစိုးရသည် သိပ္ပံပညာဆိုင်ရာအောင်ပွဲခံနိုင်ပြီဖြစ်ကြောင်း မကြာသေးမီတွင် ကြွေးကြော်ခဲ့သည်။