သမ္မတရာထူး လက်မလွှတ်ရရေးအတွက် အသေအလဲကြိုးပမ်းမည်ဖြစ်ပြီး ဂျိုးဘိုင်ဒင်အပေါ် ရှုံးနိမ့်ခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်ရေး ရီပတ်ဘလီကန်အမတ်များကလည်း ဝိုင်းဝန်ကြိုးပမ်းပေးရန် တောင်းဆိုပါကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် ဂျော်ဂျီယာပြည်နယ်၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၅ ရက်တွင် အထက်လွှတ်တော်ရွေးကောက်ပွဲ ဒုတိယအကြော့မဲပေးပွဲတွင် ပါဝင်နေသည့် ရီပတ်ဘလီကန်အမတ်လောင်းများအတွက် စည်းရုံးမှုများပြုလုပ်ရန် လူထုတွေ့ဆုံပွဲပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုထားသည့် ထရမ့်သည် ရွေးကောက်ပွဲရှုံးနိမ့်မှုနှင့်ပတ်သက်၍သာ အဓိကထားပြောဆိုခဲ့သည်။
သမ္မတရွေးချယ်ခွင့်ရှိသူများ၏မဲများကို အတည်ပြုပေးမည့် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရီပတ်ဘလီကန်အမတ်များအနေဖြင့် ဘိုင်ဒင် အနိုင်ရရှိမှုကို ဖျက်သိမ်းနိုင်ရေး ကြိုးပမ်းရန် ထရမ့်က တောင်းဆိုခဲ့သည်။
ထရမ့်၏လုပ်ရပ်ကြောင့် ရီပတ်ဘလီကန်ပါတီရှိ အမတ်များကြား သဘောထားကွဲလွဲမှုများရှိနေပြီဖြစ်သည်။
ရီပတ်ဘလီကန်ပါတီမှ အမတ်တချို့သည် ထရမ့်ဘက်မှ ထောက်ခံနေသော်လည်း ထရမ့်၏လုပ်ရပ်ကြောင့် အမေရိကန်ပြည်သူများက ဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှုလျော့ကျသွားနိုင်ကြောင်း ပါတီအရာရှိများက သတိပေးပြောဆိုခဲ့သည်။
ဒုတိယသမ္မတမိုက်ခ် ပန့်စ်သည် ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်မည့် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး၌ နာယကအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ထရမ့်အပေါ် သစ္စာခံမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာခံမှုတို့ကြား တစ်ခုခုကိုရွေးချယ်ရတော့မည်ဖြစ်သည်။
ရွေးကောက်ပွဲ၌ မသမာမှုများရှိခဲ့ကြောင်း ထရမ့်၏ပြောဆိုမှုကို ပြည်နယ်များရှိ ရီပတ်ဘလီကန်များနှင့် ဒီမိုကရက်တစ်အမတ်များက ပယ်ချခဲ့ပြီး တရားရုံးများကလည်း ထရမ့်၏ပြောဆိုမှု အခြေအမြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
ရွေးကောက်ပွဲရလဒ်များပြောင်းလဲစေရန် လိမ်လည်မှုများမရှိခဲ့ကြောင်း ရှေ့နေချုပ်ဟောင်း ဝီလျံ ဘားကလည်း ပြောဆိုခဲ့ပြီးဖြစ်သည်။

















