အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးရရှိရေး ဘရာဇီး ကြိုးပမ်း

အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးရရှိရေး ဘရာဇီး ကြိုးပမ်း

AstraZeneca ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးကို အိန္ဒိယက ထုတ်လုပ်ခွင့်ရရှိထားရာ ယင်းအိန္ဒိယထုတ် ကာကွယ်ဆေးများကို ရရှိရေးအတွက် ဘရာဇီးသည် ဇန်နဝါရီ ၄ ရက်တွင် သံတမန်ရေးအရ ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘရာဇီးရှိ ပုဂ္ဂလိကဆေးရုံများသည် အိန္ဒိယရှိ Bharat Biotech ၏ နောက်ဆုံးအဆင့်စမ်းသပ်မှုများ မထွက်ရှိသေးသည့် COVID-19 ကာကွယ်ဆေးကို ဝယ်ယူရန် ကနဦးသဘောတူစာချုပ်များကို ချုပ်ဆိုလိုက်ပြီဖြစ်သည်။

အစိုးရကျောထောက်နောက်ခံရ ဖီယိုခရပ်စ်အင်စတီကျုက AstraZeneca ၏ COVID-19 ကာကွယ်ဆေးကို ဝယ်ယူနိုင်ရန် ကြိုးပမ်းမှုအောင်မြင်ပါက ဘရာဇီးသည် ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ တစ်သန်းရရှိမည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေးဝယ်ယူရန် နှောင့်နှေးနေခြင်းနှင့် COVID-19 ဖြင့်သေဆုံးသူ ၂၀၀၀၀၀ အထိရှိနေခြင်းတို့ကြောင့် ဝေဖန်ခံရပြီးနောက် ဘရာဇီးအစိုးရသည် ကာကွယ်ဆေးဝယ်ယူရန် သံတမန်ရေးအရ ကြိုးပမ်းမှုများကို စတင်လုပ်ဆောင်ခဲ့သည်။

အိမ်နီးချင်း ချီလီနှင့် အာဂျင်တီးနားတို့၌ COVID-19 ကာကွယ်ဆေး ထိုးနှံမှုများလုပ်ဆောင်နေပြီဖြစ်သည်။

သို့သော် COVID-19 ကာကွယ်ဆေး ပြည်ပသို့တင်ပို့မှုကို အိန္ဒိယအစိုးရက ပိတ်ပင်ထားကြောင်း AstraZeneca ၏ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ်ခွင့်ရရှိထားသည့် အိန္ဒိယရှိ ဆီရမ်အင်စတီကျုက ဇန်နဝါရီ ၃ ရက်တွင် ပြောဆိုခဲ့သည့်အတွက် ဘရာဇီးသည် စည်းမျဉ်းများကို ကျော်လွှားနိုင်ရန် လုပ်ဆောင်ရတော့မည်ဖြစ်သည်။

အိန္ဒိယရှိ Bharat Biotech ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး ငါးသန်းကို ဝယ်ယူရန် စီစဉ်ထားကြောင်း ဘရာဇီးရှိ ပုဂ္ဂလိကဆေးရုံများအဖွဲ့က ပြောဆိုခဲ့သည်။