ဟားခါးမြို့တွင် ရေခဲအမှတ်အောက်အထိ အေးခဲနေသည့်အတွက် ကျန်းမာရေးဌာနက သတိပေးမှုများ ထုတ်ပြန်ထား

ဟားခါးမြို့တွင် ရေခဲအမှတ်အောက်အထိ အေးခဲနေသည့်အတွက် ကျန်းမာရေးဌာနက သတိပေးမှုများ ထုတ်ပြန်ထား

ဟားခါးမြို့တွင် ရေခဲအမှတ်အောက်အနှုတ်လေး၊ ငါးအထိ အပူချိန်ကျဆင်းမှုများရှိလာသည့်အတွက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ကလေးသူငယ်များ ကျန်းမာရေးဂရုပြုကြရန် သက်ဆိုင်ရာကျန်းမာရေးဌာနများက သတိပေးမှုများဆောင်ရွက်ထားကြောင်း မြို့နယ်ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

''အခုကာလက COVID-19 ကမ္ဘာ့ကပ်ရောဂါလည်းရှိတယ်။ ချင်းပြည်နယ်ကလည်း နှစ်တိုင်းထက် အအေးပိုနေတာဆိုတော့ သက်ကြီးရွယ်အိုတွေ၊ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကလေးသူငယ်တွေက အိမ်ထဲမှာ နွေးနွေးထွေးထွေးနေဖို့လိုသလို အစားအသောက်ဆိုရင်လည်း အစာကြေညက်နိုင်တဲ့အစားအစာ၊ ပူပူနွေးနွေးစားသုံးကြဖို့၊အရေးပေါ်ကျန်းမာရေးချို့ယွင်းလာရင်လည်း ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းကို အမြန်ဆုံးပြသကြဖို့သတိပေးထားပါတယ်၊ အခုကတော့ ချင်းပြည်နယ်က လျှပ်စစ်မီးရပြီဆိုတော့ လျှပ်စစ်အပူပေးစက်သုံးပြီး နေထိုင်လို့ရသလိုတောရွာပိုင်းဆိုရင်လည်း အိမ်ထဲမှာမီးဖိုနဲ့နေဖို့ လိုပါတယ်''ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်၏မြို့များသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅ဝဝဝ ဝန်းကျင် ၆ဝဝဝ ကျော်တွင် တည်ထားသောမြို့များဖြစ်ရာ နှစ်စဉ် ဆောင်းရာသီရောက်ရှိလာလျှင် အချို့ဒေသများတွင်ရေခဲသည်အထိ အအေးလွန်ကဲလျက်ရှိသည်။ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၆ဝဝဝ)ကျော်တွင်တည်ထားသော ဟားခါးမြို့သည် နှစ်စဉ်ဆောင်းရာသီရောက်တိုင်း ရေခဲမှုရှိပြီးယခုနှစ်တွင် ရေခဲအမှတ်အောက်အနှုတ်(၅)ဝန်းကျင်အထိ ရောက်ရှိသည်အထိအေးကြောင်း သိရသည်။

''လွတ်လပ်ရေးနေ့ အကြိုညကဟားခါးမှာ ရေခဲအမှတ်အောက်(၄.၇)အထိရောက်သွားတယ်၊ သစ်ပင်တွေ၊မြက်ခင်းတွေပေါ်မှာ ရေခဲတွေမြင်တွေ့နေရပါတယ်၊ တစ်နေ့လုံး အေးနေတယ်၊အိမ်ပြင်ထွက်ရင် လေတိုက်တယ်၊ အိမ်ထဲမှာတော့ အပူပေးစက်နဲ့နေရတယ်၊အိမ်ခေါင်မိုးပေါ်ကျနေတဲ့ နှင်းတွေကမနက်မှာကြည့်ရင် ရေခဲချောင်းတွေဖြစ်နေတယ်၊ သက်ကြီးရွယ်အို၊ ကလေးတွေကတော့ ဂရုစိုက်ရတာပေါ့၊ ရေချိုးဖို့ဆိုတာတော့ အခုရက်ပိုင်း မလွယ်ဘူး''ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး