COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်နေကြသူများအား ဂုဏ်ပြုသောအားဖြင့် မေမြို့-ရန်ကုန် (အသွားအပြန်) ခရီးစဉ်အား တစ်ကိုယ်တော်ဂုဏ်ပြုလမ်းလျှောက်သူသည် ဇန်နဝါရီ ၅ ရက် နံနက် ၇နာရီ ၃ဝ တွင် မိတ္ထီလာမြို့မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်နေကြသောဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်းများနှင့် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးနေကြသူများကို ဂုဏ်ပြုသောအားဖြင့် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃ဝ ရက်က ပြင်ဦးလွင် ခုတင်(၃ဝဝ)ဆေးရုံမှစတင်၍ မေမြို့-ရန်ကုန် (အသွားအပြန်) ခရီးစဉ်အား တစ်ကိုယ်တော်လမ်းလျှောက်တာဖြစ်ကြောင်း သိရသည်။
''မေမြို့၊ မန္တလေး၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်သို့လျှောက်မှာဖြစ်ပြီး အပြန်လမ်းကြောင်းတွင် ရန်ကုန်၊ ပြည်၊ နတ်မောက်၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ မန္တလေး၊ မေမြို့သို့ပြန်လည်လျှောက်မှာဖြစ်ကြောင်း၊ ၂ဝ၂၁ ဇန်နဝါရီ ၄ ရက်မှာ မိတ္ထီလာမြို့ကိုရောက်ရှိပြီး ၂ဝ၂၁ ဇန်နဝါရီ ၅ ရက်မှာ မိတ္ထီလာ-ရန်ကုန် လမ်းဟောင်းအတိုင်း ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာတာဖြစ်ပါတယ်။ တစ်နေ့လျှင် ပျမ်းမျှ(၂၅)မိုင်မှ (၃ဝ)မိုင်ကြား လျှောက်ခဲ့ပါတယ်''ဟု တစ်ကိုယ်တော်လမ်းလျှောက်သူကို စနေ(ခ) ကိုကျော်ကျော်ဝင်းကပြောသည်။
ယခုအကြိမ်သည် မေမြို့-ရန်ကုန်(အသွားအပြန်) တစ်ကိုယ်တော်လမ်းလျှောက်ခရီးစဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်က (၂၉)ကြိမ်မြောက် SEA GAMES အောင်မြင်ခဲ့ခြင်း၊ လူငယ်များ မူးယစ်ဆေးဝါးကင်းစင်ရေး၊ မြန်မာနိုင်ငံစိမ်းလန်းစိုပြည်ရေးအတွက် ရည်ရွယ်ကာ မေမြို့-ရန်ကုန် (အသွားအပြန်)တစ်ကိုယ်တော်လမ်းလျှောက်ခြင်းအားပထမအကြိမ် ပြုလုပ်ခဲ့သေးကြောင်းသိရသည်။
တစ်ကိုယ်တော်လမ်းလျှောက်သူကိုစနေ(ခ) ကိုကျော်ကျော်ဝင်းအားဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်အား/ကာမှ (ညနေလမ်းလျှောက်သူများအဖွဲ့) ဥက္ကဌ ဦးအေးလွင်နှင့်အဖွဲ့ကခရိုင်အား/ကာကွင်းတွင် ကိုစနေနှင့်အတူအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပြီး မိတ္ထီလာမြို့အထွက်အထိ လမ်းအတူလျှောက်ကာ လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။
















