ကျောက်မဲမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေး

ကျောက်မဲမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများအား ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာကျော်မိုးထွန်း ဦးဆောင်သောအဖွဲ့နှင့် အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်းဥက္ကဌ ဦးကျော်ကျော်ဦး ဦးဆောင်သောအဖွဲ့တို့ပူးပေါင်း၍ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက ကျောက်မဲမြို့ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်မှစတင်၍ TNLA နှင့် RCSS အဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများကြောင့် လွယ်အံကျေးရွာ၊ ပန်လော့ကျေးရွာ၊ ပန်မခမ်ကျေးရွာ၊ ခုံငင်းရွာ၊ ကောင်းခါးရွာများမှ ကျေးရွာသူရွာသားများသည် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြရာ စစ်ဘေးရှောင်စခန်းလေးခုဖွင့်လှစ်ပေးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူ ၁ဝဝဝ ကျော်တို့ လာရောက်တိမ်းရှောင်လျက် ရှိသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းရှိပြည်သူများကို ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာ ကျော်မိုးထွန်း ဦးဆောင်သောအဖွဲ့နှင့် အောင်မင်္ဂလာ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်းမှဒေါက်တာသိန်းဇော် ဦးဆောင်သောအဖွဲတို့က ပူးပေါင်း၍စစ်ဘေးရှောင်ပြည်သူ ၂ဝဝ ခန့်အား ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီး နောက်နေ့များတွင်လည်း ဆေးကုမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှဝန်ထမ်းများဖြင့် ပူးပေါင်း၍စစ်ဘေးရှောင်ပြည်သူများကို ဆေးကုသပေးခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းနှင့် နောက်နောင်များတွင်လည်း လိုအပ်ပါက ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောင်မင်္ဂလာ ပရဟိတအသင်းဥက္ကဌ ဦးကျော်ကျော်ဦးက ပြောသည်။

အဆိုပါ အောင်မင်္ဂလာ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်းသည် ကျောက်မဲမြို့တွင် အခမဲ့အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်း ဒေါက်တာသိန်းဇော်၊ ဒေါက်တာ စိုင်းလွင်ဦးနှင့် သူနာပြုဆရာမများဖြင့် ကျောက်မဲနေ ပြည်သူများကိုအခမဲ့ ဆေးကုသပေးနေသော ပရဟိတအသင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး