ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ် များအတွက် ရုန်းကန်နေရခြင်းကြောင့် Pfizer နှင့် BioNTech တို့မှ ထုတ် လုပ်သော COVID-19 ကာကွယ်ဆေးအား နှစ်ကြိမ်ထိုးနှံရာတွင် ၂၁ ရက်မှ ၂၈ ရက်အတွင်း ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
COVID-19 ကူးစက်မှု မြင့်တက်လာနေခြင်းနှင့် အသစ်ပေါ် ထွက်လာသည့် မျိုးကွဲဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၏ ကျန်းမာရေးစနစ်များမှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ရောဂါကူးစက်မှုကို တားဆီးရန်အတွက် အစိုးရများသည် ကူးသန်း သွားလာမှုပိတ်ပင်ချက်များ ချမှတ်ဆောင်ရွက်နေကြရပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အကောင်းဆုံးနည်း လမ်းမှာ ကာကွယ်ဆေး ထိုးနှံရေးဖြစ်လာနေသည်။
သို့ရာတွင် ကာကွယ် ဆေး ထုတ်လုပ်နိုင်မှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေခြင်းကြောင့် ရရှိလာ သည့် ကာကွယ်ဆေးအား မည်ကဲ့သို့ ထိရောက်စွာ အသုံးချရမည်ကို WHO က ပြောကြားခဲ့ခြင်းဖြစ်သည်။
‘’သုံးသပ်လေ့လာမှုတွေလုပ်ပြီးတဲ့နောက် အောက်ပါအကြံပေးချက်ကို ကျွန်တော်တို့ ထုတ်ပြန်လိုပါတယ်။ Pfizer က ထုတ်တဲ့ ကာကွယ်ဆေးကို ၂၁ ရက်ကနေပြီး ၂၈ ရက်အတွင်း နှစ်ကြိမ် ထိုးသင့်ပါတယ်’’ ဟု WHO မဟာဗျူဟာ အကြံပေးနှင့် ကျွမ်းကျင်ပညာများအဖွဲ့ ဥက္ကဋ္ဌ အလက်ဂျန်ဒရို ခရာဗီယိုတိုက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းလုံးတွင် COVID-19 ကူးစက်သူ ၈၅ သန်း ကျော်လွန် လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၈၅ သန်းကျော် ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။

















