ကမ္ဘာကျော် Alipay အက်ပလီကေးရှင်း အပါအဝင် တရုတ်နိုင်ငံမှ တီထွင်ဖန်တီးထားသော ငွေကြေးဆိုင်ရာ လွှဲပြောင်းနိုင်သည့် အက်ပလီ ကေးရှင်း ၈ ခုကို အမေရိကန်ပြည်ထောင်စုတွင် တားမြစ်ပိတ်ပင်ရန်အတွက် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၅ ရက်တွင် လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ လုပ်ဆောင်ချက်သည် အမေရိကန်ပြည်သူများ၏ လုံခြုံရေး အချက်အလက်များနှင့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ခြိမ်းခြောက်မှုမှ ကာကွယ်ပေးရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေ ရိကန် အစိုးရ အရာရှိများက ပြောကြားခဲ့သည်။
တားမြစ်ချက်ထုတ်ပြန်လိုက်သော အက်ပလီကေးရှင်းများမှာ ကမ္ဘာ ကျော် Alibaba ကုမ္ပဏီ၏ Aliapy, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay, နှင့် WPS Office တို့ဖြစ်ကြောင်း သိရသည်။
ယင်းအက်ပလီကေးရှင်းများကို ၄၅ ရက်အတွင်း အပြီးတိုင် ပိတ် ပင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနကို အမိန့်ညွှန်ကြားမှုရှိခဲ့သော်လည်း ယင်းဌာန ကမူ သမ္မတ ဂျိုးဘိုင်ဒင် အာဏာလွှဲပြောင်းရယူမည့် ဇန်နဝါရီ ၂၀ ရက် မ တိုင်ခင်တွင် အပြီးတိုင် ပိတ်သိမ်းသွားရန် စီစဉ်နေကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထို့ကြောင့် အထက်ဖော်ပြပါ အက်ပလီကေးရှင်းများမှတစ်ဆင့် ငွေ ကြေးလွှဲပြောင်းမှု အလုံးစုံကို အမေရိကန်ပြည်ထောင်စုတွင် တားမြစ်ပိတ် ပင်သွားတော့မည်ဖြစ်သည်။ ယခုအမိန့်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကမူ တုံ့ပြန်ချက်တစ်စုံတစ်ရာ မရှိသေး ကြောင်း သိရသည်။
ထရမ့်၏ ယခုကဲ့သို့ အမိန့်ထုတ်ပြန် ဆောင်ရွက်ချက်ကြောင့် အသစ် တက်လာမည့် ဂျိုးဘိုင်ဒင်အစိုးရနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ ပိုမို တင်းမာလာဖွယ် ရှိနေသည်။

















