COVID-19 ရောဂါပိုး၏ မူလဇာစ်မြစ်ကို စုံစမ်းလေ့လာမည့် နိုင်ငံတ ကာ ပူးပေါင်းအဖွဲ့အား ပြည်ဝင်ခွင့်ပေးရန် အဆင်သင့်မဖြစ်သေးသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အတွက် အလွန်ပင် စိတ်ပျက်ရကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) အကြီးအကဲ တဲဒရိုစ်အဓါနွမ်ဂျီဘရီယဲဆပ်စ်က ပြော ကြားခဲ့သည်။
WHO ဦးဆောင်သော နိုင်ငံတကာ ပူးပေါင်းအဖွဲ့သည် COVID-19 ရောဂါပိုး၏ မူလဇာစ်မြစ်ကို စုံစမ်းဖော်ထုတ်ရန်အတွက် တရုတ်နိုင်ငံရှိ ဝူဟန် မြို့သို့ လာရောက်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ဒီဇင်ဘာလကတည်းက ပြောကြားခဲ့ပြီးဖြစ်သလို အိမ်ရှင်တရုတ်နိုင်ငံကလည်း ယင်းအဖွဲ့အား ကြိုဆို ကြောင်း ပြောကြားခဲ့သည်။
သို့သော် သတ်မှတ်ထားသည့် ဇန်နဝါရီလ ပထမအပတ် ရောက်ချိန်တွင် တရုတ်နိုင်ငံဆီသို့ လာရောက်မည့် နိုင်ငံ တကာ ပညာရှင်များ၏ ဆိုက်ရောက်ဗီဇာအတွက် အဆင်သင့်မဖြစ်သေး ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။
‘’ဒီသတင်းကို ကျွန်တော်တို့ကြားလိုက်ရတဲ့အချိန်မှာ အရမ်းကို စိတ် ပျက်သွားခဲ့ရတယ်။ တရုတ်ကို ရောက်လာမယ့် ပူးပေါင်းအဖွဲ့အတွက် လို အပ်တဲ့ ပြည်ဝင်ခွင့်တွေကို တရုတ်အာဏာပိုင်တွေက အပြီးသတ် မလုပ် ဆောင်ရသေးဘူးလို့ ကျွန်တော်တို့ ကြားသိရပါတယ်။ တရုတ်အာဏာပိုင် တွေနဲ့ ကျွန်တော် ဆက်သွယ်ပြောဆိုမှုတွေတော့ ရှိနေပါပြီ။ နောက်ပြီး ဒီ ခရီးစဉ်ဟာ WHO ရဲ့ အဓိက ဦးစားပေးဖြစ်တယ်ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်းသိအောင် လုပ်ရမယ်’’ ဟု တဲဒရိုစ်က ပြောကြားခဲ့သည်။
ထို့ပြင် ပညာရှင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသော စုံစမ်းလေ့လာရေးအဖွဲ့ မှ အဖွဲ့ဝင် နှစ်ဦးသည် တရုတ်နိုင်ငံသို့ စတင်သွားရောက်နေပြီဖြစ်ကြောင်း လည်း သိရသည်။
တရုတ်အနေဖြင့် ယခုကဲ့သို့ ပြည်ဝင်ခွင့် မပေးခြင်းကြောင့် ယင်းနှစ်ဦးထဲမှ တစ်ဦးမှာ အခြားလေကြောင်းခရီးစဉ် တစ် ခုဖြင့် ပြန်လာနေပြီဖြစ်ကြောင်းလည်း WHO ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မိုက်ခ်ရိုင်ယန်က ပြောကြားခဲ့သည်။
သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ယခုကိစ္စနှင့် စပ်လျဉ်း၍ အလျင် အမြန် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မိုက်ခ်ရိုင်ယန်က ပြောကြားခဲ့သည်။

















