ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမဲ့ထုတ်ဝေမည့် ဇာတိမာန် ကလေးသတင်းစာအတွက် စာမူများပေးပို့နိုင်

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမဲ့ထုတ်ဝေမည့် ဇာတိမာန် ကလေးသတင်းစာအတွက် စာမူများပေးပို့နိုင်

၂ဝ၂၁ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏(၁ဝ၆)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၌ အခမဲ့ဖြန့်ချိမည်ဖြစ်သော ဇာတိမာန်ကလေးသတင်းစာအတွက် စာမူများကိုစတင်ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

အသက်(၁၆)နှစ်အောက် ကလေးငယ်များအနေဖြင့် သတင်း၊ ဆောင်းပါး၊ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဟာသနှင့်ဉာဏ်စမ်းပဟေဠိများကို ဖေဖော်ဝါရီ ၁ဝ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး စာမူများကို ရွေးချယ်စိစစ်ပြီးနောက်ကလေးသတင်းစာအဖြစ် ထုတ်ဝေကာမန္တလေးမြို့ရှိ စာပေဖြန့်ချိရေးဆိုင်များတွင် အခမဲ့ရယူဖတ်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်သည်။

''ကျွန်တော်တို့ ဇာတိမာန်ကလေးသတင်းစာပညာ အခမဲ့သင်တန်းကျောင်းအနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကနေစတင်ပြီးတော့ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေတိုင်းမှာ ဇာတိမာန် ကလေးသတင်းစာကို အခမဲ့ထုတ်ဝေလာခဲ့တာဖြစ်ပါတယ်။ သတင်းစာပညာသင်တန်းကို နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တွေမှာ ဖွင့်လှစ်လေ့ရှိရာမှာ မန္တလေးမြို့မှာရှိတဲ့ ဝါရင့်သတင်းစာဆရာတွေကနေ အသက်(၁၆)နှစ်အောက်ကလေးငယ်တွေကို သတင်းစာပညာရပ်နဲ့ ပတ်သက်လို့ စာတွေ့ရော၊ လက်တွေ့ပါ သင်ကြားပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ ကလေးငယ်ဦးရေ ၁ဝဝ ကျော်ကို သတင်းစာပညာသင်ကြားပေးနိုင်ခဲ့သလို အဲဒီကလေးငယ်တွေရဲ့ သတင်းစာပညာ တတ်ကျွမ်းမှုကို ဖော်ထုတ်ချင်တာရယ်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုချင်တာရယ်ကြောင့်(၁ဝ၆)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ကလေးသတင်းစာကို ထုတ်ဝေဖို့ ရည်ရွယ်ပါတယ်။ သတင်းစာမှာပါမယ့် စာမျက်နှာအနေအထားကတော့ ရရှိတဲ့စာမူပေါ်မူတည်ပြီးမှ အတိအကျပြောနိုင်မှာပါ''ဟု ဇာတိမာန်ကလေးသတင်းစာစီစဉ်သူ စာရေးဆရာ နောင်(ရူပ)က ပြောကြားသည်။

စာမူများကို အွန်လိုင်းမှတစ်ဆင့်ည [email protected] အီးမေးလ်လိပ်စာသို့ သတ်မှတ်ရက်အတွင်းပေးပို့နိုင်ပြီး စာမူပေးပို့လိုသည့်ကလေးများအနေဖြင့် အသေးစိတ်အချက်အလက်များကို မေးမြန်းလိုပါက ဖုန်း-ဝ၉၄၄၄ဝ၃၅၈၂၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး