မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ အဝေးထိန်းစနစ်ပါဝင်သည့်အသက်ကယ်လှေ(Water Rescue Robot)တစ်စင်းအား စမ်းသပ်မောင်းနှင်ခြင်းကို ဇန်နဝါရီ ၇ ရက် နံနက် ၁ဝ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက် လမ်း ၈ဝ၊ ၂၁/၂၂လမ်းကြားရှိ မန္တလေးကျုံးရေပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဝေးထိန်းစနစ်ပါသည့် အသက်ကယ်လှေ(Water Rescue Robot) စမ်းသပ်မောင်းနှင်မှုတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုနှင့် မြို့နယ်မီးသတ်ဦးစီးမှူးများက စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ကြသည်။
အသက်ကယ်လှေ(Water Rescue Robot)ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ ဝယ်ယူပေးခြင်းဖြစ်ပြီး ယင်းအသက်ကယ်လှေသည် နိုင်ငံတကာရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုလျက်ရှိသည်ဟု သိရသည်။
အဆိုပါ စမ်းသပ်မောင်းနှင်ခြင်းပြုလုပ်ရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ကိုကို၊ မြို့နယ်များမှ မီးသတ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
















