စစ်ကိုင်းတိုင်းရှိ ဖိုလ်ဝင်တောင်အား အသွားအလာ ပိတ်ထား

စစ်ကိုင်းတိုင်းရှိ ဖိုလ်ဝင်တောင်အား အသွားအလာ ပိတ်ထား

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင်ကိုဗစ်ကပ်ရောဂါ အဖြစ်များလာသောကြောင့် ကျေးရွာ ကိုဗစ်ထိန်းချုပ်ရေးကော်မတီများနှင့် ဖိုလ်ဝင်တောင်ဆရာတော်ကြီးများညှိနှိုင်း၍ ဖိုလ်ဝင်တောင်သို့ ဇန်နဝါရီ ၁ ရက်မှစ၍အသွားအလာ လုံးဝပိတ်လိုက်ကြောင်းဖိုလ်ဝင်တောင်ဂေါပကဥက္ကဌ ဦးချိုဦးထံမှ သိရသည်။

''မျောက်စာ လာကျွေးကြတာကလည်း နားလည်မှုနဲ့ လုပ်နေကြတာပါ။အဝင်အထွက်ကတော့ ကိုဗစ်စဖြစ်ကတည်းက ပိတ်ထားတာပါ။ အခုကကျန်းမာရေးက စိုးရိမ်ရတဲ့အနေကြောင့် ဆရာတော်ကြီးတွေနဲ့ ကျေးရွာကိုဗစ်ထိန်းချုပ်ရေးကော်မတီဝင်တွေတိုင်ပင်ပြီး ဇန်နဝါရီလ ၁ ရက်ကစပြီးလုံးဝပိတ်လိုက်တာပါ။ မျောက်စာကိုဂေါပကအဖွဲ့က ကျွေးနေပါတယ်။စောစောက လာလှူသွားကြတာ မျောက်စာက တစ်လကျော်စာကျန်ပါသေးတယ်။ရှိတာက ကုလားပဲနဲ့ပြောင်းဖူးများတယ်။မျောက်က အကောင် ၂ဝဝဝ လောက်ရှိတယ်''ဟု ဦးချိုဦးက ပြောသည်။

မျောက်စာများကို ဖိုလ်ဝင်တောင်ဂေါပကအဖွဲ့နှင့် တိုက်ရိုက်ချိတ်ဆက်လှူဒါန်းနိုင်သလို ဖိုလ်ဝင်တောင် အဝင်ဂိတ်အရောက်လှူလိုလျှင် ဂေါပကအဖွဲ့က မျောက်များကို ကျွေးပေးမည်ဖြစ်ကြောင်း ဦးချိုဦးထံမှ သိရသည်။

''မျောက်စာကို လှမ်းလှူနိုင်ပါတယ။် ကိုဗစ်ဆိုတာကြီးက ဘယ်အချိန်ထိဖြစ်မယ် မပြောနိုင်ဘူးပေါ့။ တစ်လကျော်အတွက် မျောက်စာရှိတယ်ဆိုပေမယ့် နောက်ပိုင်းမျောက်စာအတွက်လှူချင်ရင် ဂေါပကနဲ့ချိတ်ဆက်ပြီးလှူလို့ရပါတယ်။ မျောက်စာတွေလာလှူရင် အဝင်ဂိတ်မှာလက်ခံပြီး ဂေါပကအဖွဲ့ကကျွေးပေးမှာဖြစ်ပါတယ်''ဟု ဦးချိုဦးက ပြောသည်။

ဖိုလ်ဝင်တောင်တွင် မျောက်အုပ်ငါးအုပ်စုရှိပြီး လွမ်းစေတီစောင်းတန်းနှင့်ဖန်းခါးတောင်တက်သည့် လမ်းများတွင်ရှိသည်။ ဖိုလ်ဝင်တောင်ရှိ မျောက်စာရောင်းသူ ၁၅ဝ ကျော်၏စားဝတ်နေရေးသည် ကိုဗစ်ကြောင့် အဆင်မပြေကျပ်တည်းလျက်ရှိရာ ဂျုံရိတ်၊ နှမ်းရိတ်နှင့် တောင်သူလုပ်ငန်းများ ဝင်ရောက်လုပ်နေကြရကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး