သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရာထူးမှ နုတ်ထွက်ခြင်းမရှိပါက လက်ကျန်သက်တမ်းနောက်ဆုံးရက်များတွင် နျူကလီးယားလက်နက်ထိန်း ချုပ်ထားသည့် လျှို့ဝှက်ကုတ်နံပါတ်များကို မပေးရန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီက ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် မာ့ခ်မီလေ အား ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်၏ လှုံ့ဆော်မှုကြောင့် ထောက်ခံဆန္ဒပြသူများသည် လွန် ခဲ့သည့် ဇန်နဝါရီ ၆ ရက်တွင် လွှတ်တော်အဆောက်အအုံအား အကြမ်းဖက် စီးနင်းခဲ့ခြင်းကြောင့် လူလေးဦး သေဆုံးပြီး ရဲအရာရှိတစ်ဦးလည်း ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
ထို့ကြောင့် နျူကလီးယားလက်နက်ပစ်လွှတ်ထိန်းချုပ် နိုင်သော ကုတ်နံပါတ်များကို ကာကွယ်ခြင်းအားဖြင့် စိတ်ထိခိုက်နာကျင်နေ ရသော သမ္မတ၏ အခြေအနေသည် ပိုမို၍ စိုးရိမ်စရာ မရှိနိုင်တော့ကြောင်း နန်စီပလိုစီက ပြောဆိုခဲ့ခြင်းဖြစ်သည်။
‘’သမ္မတက အိမ်ဖြူတော်ကနေပြီး လိုလိုလားလားနဲ့ အလျင်အမြန် ထွက်မသွားဘူးဆိုရင် ကွန်ဂရက်ကလည်း လုပ်စရာရှိတာတွေကို လုပ်ရပါ လိမ့်မယ်။ စိတ်ထိခိုက်နေတဲ့ သမ္မတရဲ့ အခြေအနေက ပိုပြီး အန္တရာယ်ကြီး မားမှု မရှိနိုင်တော့ဘူးပေါ့’’ ဟု နန်စီပလိုစီက ပြောကြားခဲ့သည်။
ထို့ပြင် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ် မာ့ခ်မီလေက လည်း သမ္မတထရမ့်အနေဖြင့် နျူကလီးယားလက်နက်များကို ပစ်လွှတ်ရန် ကြိုးစားလျှင်တောင်မှ ကုတ်နံပါတ်များသည် လုံခြုံစိတ်ချရသော နေရာမျိုး တွင်ရှိနေပြီဖြစ်ကြောင်းနှင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် (၂၅) ကို ဒုတိယသမ္မတမိုက်ခ်ပန့်စ်နှင့် ထရမ့်အစိုးရအဖွဲ့အနေဖြင့် ငြင်းဆန်ရန် ကြိုးစားပါက စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အဆင်သင့် လုပ်ဆောင်နိုင်ရန် ဒီမိုကရက်တစ်ပါတီက ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။
အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် (၂၅) အရ သမ္မတတစ်ဦးသည် သမ္မတတာဝန်နှင့် အာဏာတို့ကို ဆက်လက် ထမ်းဆောင်အသုံးပြုနိုင်ခြင်းမရှိဟု သတ်မှတ်ခံရပါက ၎င်းကို ဒုတိယသမ္မတ နှင့် အစိုးရဝန်ကြီးအဖွဲ့တို့က ရာထူးမှ ဖယ်ရှားခွင့်ရှိကြောင်း သိရသည်။

















