ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဒေါ်နယ်ထရမ့် တက်ရောက်တော့ မည်မဟုတ်

ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဒေါ်နယ်ထရမ့် တက်ရောက်တော့ မည်မဟုတ်

သမ္မတရာထူးအား ဆက်ခံမည့် ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ၎င်းအနေဖြင့် တက်ရောက်တော့မည်မဟုတ်ကြောင်း အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင် တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။ 

အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်များအား ချောမွေ့ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သော်လည်း ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပမည့် သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက် ရောက်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

‘’မေးထားတဲ့သူတွေအားလုံးကို ကျွန်တော်ပြောပါမယ်။ ဇန်နဝါရီ ၂၀ ကျရင် ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျွန်တော် တက်ရောက်တော့ မှာ မဟုတ်ပါဘူး’’ ဟု ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

လက်ရှိတွင် ဒေါ်နယ်ထရမ့်သည် ဖလိုရီဒါပြည်နယ်ရှိ ၎င်းပိုင်ဆိုင်သော အပန်းဖြေစခန်း သို့ သွားရောက်ကာ အနားယူသွားဖွယ် ရှိနေကြောင်းလည်း အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဖော်ပြခဲ့ကြသည်။

၎င်း၏ သမ္မတသက်တမ်း နောက်ဆုံးနေရက်များကို မည်သို့မည်ပုံ အချိန်ကုန်ဆုံးမည်အား ဒေါ်နယ်ထရမ့်က အရိပ်အမြွက်ပင် ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

လက်ရှိသမ္မတ တစ်ဦးအနေဖြင့် ရာထူးအား ဆက်ခံမည့် သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက်ခြင်းမှာ အမေရိကန် ဒီမိုကရေစီသ မိုင်းအစဉ်အလာတွင် လွန်ခဲ့သည့် ၁၅၂ နှစ်အတွင်း၌ ပထမဆုံး ဖြစ်လာတော့မည်ဖြစ်သည်။

လွန်ခဲ့သည့် ၁၅၂ နှစ်တွင် သမ္မတ အန်ဒရူးဂျွန်ဆင်မှာ ရာထူးဆက်ခံ မည့် သမ္မတသစ်၏ ကျမ်းကျိန်ပွဲသို့ မတက်ရောက်ခဲ့ပေ။

ထရမ့်အနေဖြင့် ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက် သော်လည်း ဂျိုးဘိုင်ဒင်မှာ ဇန်နဝါရီ ၂၀ ရက် နှောင်းပိုင်းတွင် အမေရိကန် ပြည်ထောင်စု၏ ၄၆ ဆက်မြောက် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင် ခွင့်ရရှိမည်ဖြစ်ပြီး အခမ်းအနား အထမြောက်အောင်မြင်မှုရှိမည်ဖြစ်သည်။

ယင်းအခမ်းအနားတွင် ဒေါ်နယ်ထရမ့် ရှိမနေခြင်းက ကောင်းမွန်သည့် အခြေအနေတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ သည်။ သို့သော် ဒုတိယသမ္မတ မိုက်ခ်ပန့်စ်ကိုမူ ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ လှိုက်လှဲစွာ ဖိတ်ကြားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြား ခဲ့သည်။