ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်အဆင့်သာရှိ သော နိုင်ငံများ COVID-19 ကာကွယ်ဆေး မရရှိသေးသည့် ပြဿနာမှာ ရှင်းနေသည့်ကိစ္စဖြစ်နေပြီး ငွေကြေးချမ်းသာသောနိုင်ငံများအနေဖြင့် ကာ ကွယ်ဆေးထုတ်လုပ်သူများနှင့် အပြန်အလှန် သဘောတူစာချုပ်များ ချုပ်ဆို နေကြခြင်းကို ရပ်တန့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ သည်။
‘’ချမ်းသာတဲ့နိုင်ငံတွေက ဦးစားပေး ထောက်ပံ့မှုတွေ ရရှိနေတယ်။ အခွင့်ထူးခံနိုင်ငံရယ်လို့ မရှိပါဘူး။ တချို့တိုင်းပြည်တွေ ကာကွယ်ဆေး မရ သေးချိန်မှာ ကိုယ့်တိုင်းပြည်က ကာကွယ်ဆေးထိုးပြီးရင်လည်း ဝင်ပြီး တန်းစီ နေတာတွေ ရပ်ပေးကြပါ’’ ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တဲဒရိုစ် အဓာနွမ်ဂျီဘရီယဲဆပ်စ်က ပြောကြားခဲ့သည်။
ချမ်းသာသောနိုင်ငံများနှင့် ကာကွယ်ဆေး ထုတ်လုပ်နေသည့် ကုမ္ပဏီ များအကြား အပြန်အလှန် သဘောတူညီချက် စာချုပ်များ ချုပ်ဆိုနေမှုကို ရပ်တန့်ပေးရန်နှင့် ဆင်းရဲနွမ်းပါးသောနိုင်ငံများ ကာကွယ်ဆေးရရှိရေး အတွက် ထူထောင်ထားသော COVAX အစီအစဉ်သို့ ချက်ချင်းဆိုသလို မျှဝေပေးရန် တဲဒရိုစ်က ပြောကြားခဲ့သည်။
သို့သော် ၎င်းကမူ ချမ်းသာသောနိုင်ငံများဟုသာ သုံးနှုန်းသွားခဲ့ပြီး အမည်ကို အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။
လက်ရှိတွင် ဥရောပသမဂ္ဂ (EU) သည် Pfizer-BioNTech မှ ထုတ်လုပ်သော ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ ဝယ်ယူရရှိရန် သဘောတူထားပြီး ယင်းပမာဏသည် အဆိုပါ ကုမ္ပဏီ၏ ၂၀၂၁ ခုနှစ် တစ်နှစ်စာထုတ်လုပ်ပေးနိုင်မှု အရေအတွက်၏ ထက်ဝက်ခန့် ရှိနေကြောင်း သိရသည်။

















