ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) မှတပ်နယ်-၄ တပ်မှူးတာဝန်အပြင် ၁ဝ၂၂ တပ်၏တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်သည် ဇန်နဝါရီ ၈ ရက်က နုတ်ထွက်သွားကြောင်းသိရသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) မှတပ်နယ်-၄ တပ်မှူးတာဝန်အပြင် ၁ဝ၂၂ တပ်၏တပ်ရင်းမှူးဖြစ်သော ဗိုလ်မှူးစောမုတ်သုန်နုတ်ထွက်စာတင်သည့်သတင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီး အဆိုပါ သတင်းမှာ မှန်ကန်ကြောင်း နယ်ခြားစောင့်တပ်(BGF) မှအမည်မဖော်လိုသူ အရာရှိတစ်ဦးကအတည်ပြု ပြောဆိုသည်။
''နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ နဲ့၁ဝ၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်ဇန်နဝါရီ ၈ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းရုံးမှာ နုတ်ထွက်စာတင်ခဲ့တာပါ''ဟုအမည်မဖော်လိုသူ BGF အရာရှိတစ်ဦးကပြောသည်။
လက်ရှိ မြဝတီမြို့တွင် တပ်မတော်မှ မြို့တွင်းမြို့ပြင်နေရာအများစုတွင် လုံခြုံရေးယူထားပြီးလွန်ခဲ့သည့်လ,က လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးခဲ့ခြင်း၊ ဒေသတွင်း ကာစီနိုရုံများပိတ်ခိုင်းခြင်းနှင့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများအရေးယူမှုများရှိခဲ့သလို ရွှေကုက္ကိုလ်မြို့သစ်တည်ဆောက်နေမှု ရပ်နားထားခြင်း စသည့်အကြောင်းများ ပါဝင်ပတ်သက်မှုရှိနိုင်သည်ဟုဒေသခံတချို့က ပြောဆိုကြသည်။
















