စစ်ကိုင်းတိုင်းအစိုးရမှ ဆိပ်ကမ်းသာယာလှပရေးအတွက် ဆိပ်ကမ်းပိုင်နယ်မြေတွင်ကျူးကျော်များ မနေရဟုထုတ်ပြန်ထားသော်လည်း မုံရွာမြို့ချင်းတွင်းမြစ် နန်ချွန်အနီး ဆိပ်ကမ်းအခြေပြု၍ ကျူးကျော်နေထိုင်သူများများပြားလာကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းလက်ထောက်အထွေထွေမန်နေဂျာ ဦးလေးနိုင်ထံမှ သိရသည်။
''ဆိပ်ကမ်းပိုင်နယ်မြေမှာကျူးတွေကိုမနေစေချင်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ တိုင်းဒေသကြီးအစိုးရကဆိပ်ကမ်းသာယာလှပရေးခေါင်းစဉ်နဲ့လုပ်မှာတွေရှိတော့ ဆိပ်ကမ်းပိုင်မြေမှာကျူးကျော်နေလို့ မရပါဘူး။ ဒါပေမဲ့လက်ရှိမှာ ကမ်းနားတစ်လျှောက်လိုက်ကြည့်ရင် နန်ချွန်နား ဆိပ်ကမ်းတစ်ဝိုက်မှာ ကျူးတွေ အခြေပြုထားတယ်''ဟုဦးလေးနိုင်က ပြောသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့ဆိပ်ကမ်းနယ်မြေသာယာလှပရေးအတွက် ကျူးကျော်နေထိုင်ကြသူအားလုံးကို ရှင်းလင်းကာ ကျူးများ နေထိုင်နေသည့်သင်္ဘောဟောင်းကြီးနှစ်စီးကို မွမ်းမံပြင်ဆင်ရန်စီစဉ်နေကြောင်း စစ်ကိုင်းတိုင်း စည်ပင်သာယာဝန်ကြီး ဦးမြင့်ကြည်ထံမှ သိရသည်။
''စည်ပင်သာယာကို သင်္ဘောဟောင်းကြီးတွေ လွှဲထားတယ်။ အဲဒီပေါ်မှာဘာလုပ်မလဲဆိုတာ လုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ထားတာ အခုအချိန်အထိဘယ်သူမှာလာ ဆက်သွယ်တာမရှိသေးဘူး။ သင်္ဘောနှစ်စီးပေါ်နဲ့ ဆိပ်ကမ်းနယ်မြေကကျူးတွေကို အခါအားလျော်စွာ ရှင်းလင်းနေပါတယ်။ အမြဲတမ်းအစောင့်မရှိတဲ့အခါမှာ နီးစပ်ရာနဲ့စောင့်ရှောက်နေရတာပေါ့။ ကျူးတွေပြန်များလာရင်ထပ်ရှင်းရမှာပါ'' ဟု ဦးမြင့်ကြည်က ပြောသည်။နယ်မြေလုံခြုံရေးနှင့် ဆိပ်ကမ်းသာယာလှပရေးအတွက် ကျူးများကိုရှင်းလင်းစေချင်ကြောင်း မုံရွာဒေသခံများက သဘောထားမှတ်ချက်ပြုကြသည်။
''နိုင်ငံခြားသား ဧည့်သည်တွေ၊ပြည်တွင်းဧည့်သည်တွေလာရင် ရေကြောင်းဆိပ်ကမ်းကိုဘဲအသုံးပြုရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာကျူးတွေရဲ့ မြင်ကွင်းတွေ့ရရင် အရှက်ကွဲစရာမို့ရှင်းစေချင်တာပါ။ နယ်မြေလုံခြုံရေးနဲ့ဆိပ်ကမ်း သာယာလှပရေးအတွက်လည်း ပါတာပေါ့'' ဟု မုံရွာဒေသခံတစ်ဦးက ပြောဆိုသည်။
မုံရွာလုပ်ငန်းရှင်များအနေဖြင့်သင်္ဘောဟောင်းကြီးများပေါ်တွင် စားသောက်ဆိုင်(သို့မဟုတ်) အပန်းဖြေနေရာအဖြစ် ဖန်တီးကြစေလိုကြောင်းဝန်ကြီးဦးမြင့်ကြည်က တိုက်တွန်းပြောကြားခဲ့သည်။
















