တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်အကောင့်များ ပိတ်ပင်ခံထားရသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကိုယ်ပိုင်လူမှုမီဒီယာတစ်ခုတည်ထောင်ပြီး ပြောဆိုမှုများပြုလုပ်နေဦးမည်ဖြစ်ကြောင်း ထောက်ခံသူများအား ကြေးနန်းပို့ကာ ထုတ်ပြန်ခဲ့သည်။
ထရမ့်သည် လူသုံးများသော လူမှုမီဒီယာများဖြစ်သည့် ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာတို့အသုံးပြုခွင့်ပိတ်ပင်ခံရထားသော်လည်း လူသိနည်းသေးသည့် Parler လူမှုမီဒီယာကို အသုံးပြုနိုင်ခြေရှိနေသည်။
ဂူဂဲလ်နှင့် အက်ပဲတို့သည် Parler အက်ပလီကေးရှင်းကို ၎င်းတို့၏အက်ပလီကေးရှင်းစတိုးများမှ ဖယ်ရှားခဲ့ပြီးဖြစ်သည်။ Parler ကို တစ်ပတ်ခန့် အသုံးပြုနိုင်ဦးမည်မဟုတ်ကြောင်း Parler ၏အမှုဆောင်အရာရှိကပြောဆိုခဲ့သည်။
တွစ်တာက ဇန်နဝါရီ ၈ ရက်တွင် ထရမ့်၏အကောင့်ကိုပိတ်ပင်လိုက်သောကြောင့် ထရမ့်၏ ၁၂ နှစ်ကြာ တွစ်တာအသုံးပြုမှုရပ်ဆိုင်းခဲ့သည်။ ထရမ့်၏အကောင့်ကို ဖောလိုးလုပ်ထားသူ ၈၉ သန်းကျော်ရှိနေသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရရှိသူ ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဇန်နဝါရီ ၂၀ ရက်အထိ ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာတို့သည် ထရမ့်၏အကောင့်များကို ပိတ်ပင်ထားဖွယ်ရှိနေသည်။
Twitch နှင့် Snapchat တို့သည် ထရမ့်၏အကောင့်ကို ဖျက်သိမ်းခဲ့ပြီး Shopify ကလည်း သမ္မတနှင့်ဆက်စပ်မှုရှိသည့် အွန်လိုင်းစတိုးများကို ဖြုတ်ချခဲ့ကာ Reddit ကလည်း ထရမ့်ဆိုင်ရာအဖွဲ့တစ်ဖွဲကို ဖယ်ရှားခဲ့သည်။
အခြားလူမှုမီဒီယာများနှင့် ဆွေးနွေးနေပြီး မကြာမီတွင် အကြီးအကျယ်ကြေညာရန်ရှိနေကာ မဝေးတော့သည့် အနာဂတ်တွင် ကိုယ်ပိုင်လူမှုမီဒီယာတစ်ခု တည်ထောင်ရန် စဉ်းစားနေကြောင်း ထရမ့်က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ယာစွန်းဝါဒီများအသုံးပြုနေသည့် သက်တမ်းနှစ်နှစ်ရှိ Parler ကို ထရမ့်အသုံးပြုနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ Parler ကို အသုံးပြုသူ ၁၂ သန်းကျော်ရှိနေသည်။ ထရမ့်၏သားများဖြစ်သည့် အဲရစ်နှင့် ဒေါ်နယ် ဂျူနီယာတို့သည် ယင်းလူမှုမီဒီယာကို အသုံးပြုနေပြီဖြစ်သည်။
နည်းပညာကုမ္ပဏီကြီးများသည် စျေးကွက်တွင် ယှဉ်ပြိုင်မှုနည်းစေရန် Parler ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အမှုဆောင်အရာရှိ ဂျွန်မတ်ဇ်ကပြောဆိုခဲ့သည်။ ထရမ့်သည် Gab ဆိုသည့် အက်ပလီကေးရှင်းမှတစ်ဆင့် ထောက်ခံသူများနှင့် ဆက်သွယ်နိုင်ခြေရှိနေသည်။
သို့သော် အက်ပဲနှင့် ဂူဂဲတို့သည် ၂၀၁၇ ခုနှစ်တွင် Gab ကို ၎င်းတို့၏အက်ပလီကေးရှင်းစတိုးများမှ ဖယ်ရှားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ဂျူးမုန်းတီးရေးပို့စ်များကြောင့် အင်တာနက်နှင့် ချိတ်ဆက်မရဘဲရှိခဲ့သည်။

















