ကျူးဘား၌ စမ်းသပ်နေပြီး အောင်မြင်နိုင်ခြေရှိနေသည့် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်သော နည်းပညာကို အီရန်သို့ လွှဲပြောင်းပေးပြီး အီရန်၌ ကာကွယ်ဆေးကို လူသား၌ နောက်ဆုံးအဆင့်စမ်းသပ်မှုများပြုလုပ်ရန် နှစ်နိုင်ငံကြား သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ကျူးဘားအစိုးရက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကျူးဘားနှင့် အီရန်တို့သည် အမေရိကန်ပြည်ထောင်စု၏အရေးယူပိတ်ဆို့မှုများ ချမှတ်ခံထားရသည်။ ပိတ်ဆို့မှုများအရ ဆေးဝါးတင်သွင်းမှုကို ခြွင်းချက်အဖြစ်ရရှိသော်လည်း နိုင်ငံခြားဆေးဝါးကုမ္ပဏီများသည် ယင်းနှစ်နိုင်ငံနှင့် ကုန်သွယ်ခွင့်ပိတ်ပင်ခံထားရသောကြောင့် ကျူးဘားနှင့် အီရန်တို့သည် ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ရပ်တည်နိုင်ရန် ကြိုးပမ်းနေရသည်။
အီရန်သည် ဒီဇင်ဘာအကုန်ပိုင်းတွင် ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးကို လူသား၌ စတင်စမ်းသပ်ခဲ့ပြီး ကျူးဘားသည်လည်း ယခုလောလောဆယ်တွင် ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးလေးမျိုးကို စမ်းသပ်နေကာ တစ်ခုမျှ လူသားတွင် စမ်းသပ်နိုင်ခြင်းမရှိသေးချေ။
ကျူးဘား၏ပြည်တွင်းဖြစ် Soberana (အချုပ်အခြာအာဏာ) အမည်ရှိ ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၂ ရက်တွင် အဆင့်(၂) စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ယင်းစမ်းသပ်မှုပြီးဆုံးပါက ဟားဗားနားရှိ လူ ၁၅၀၀၀၀ တို့ကို စမ်းသပ်မှုပြုလုပ်မည်ဖြစ်ကြောင်း ကျူးဘားအစိုးရအရာရှိများကပြောဆိုခဲ့သည်။
သို့သော် ကျူးဘား၌ စီမံခန့်ခွဲမှုကောင်းမွန်လွန်းသောကြောင့် COVID-19 ကူးစက်သူနည်းပါးသဖြင့် ပြည်ပ၌ ကာကွယ်ဆေးကို စမ်းသပ်ရဦးမည်ဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။
အီရန်သည်လည်း ယခုလောလောဆယ်တွင် အရှေ့အလယ်ပိုင်း၌ ကူးစက်မှုဒဏ်အခံရဆုံးနိုင်ငံဖြစ်နေသည်။
Soberana 2 စမ်းသပ်မှုအတွက် အီရန်ရှိ Pasteur Institute နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ကျူးဘားရှိ ဖင်လေကာကွယ်ဆေးအင်စတီကျုက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကျူးဘားထုတ် COVID-19 ကာကွယ်ဆေးကို စိတ်ဝင်စားကြောင်း နိုင်ငံများစွာတို့က ပြောဆိုထားပြီးဖြစ်သော်လည်း ယခုမှသာ ပထမဆုံးစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းဖြစ်ကြောင်း ကျူးဘားအစိုးရကပြောဆိုခဲ့သည်။
အီရန်ထုတ် COVID-19 ကာကွယ်ဆေးကို စမ်းသပ်ရန်အတွက် အစမ်းသပ်ခံ ၅၀၀၀၀ ခန့်လိုအပ်မည်ဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ကီယာနူရှ် ဂျဟန်ပူကပြောဆိုခဲ့သည်။

















