သြစတြေးလျနိုင်ငံ၌ ပိုမိုကူးစက်မြန်သည့် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း COVID-19 ဆိုင်ရာ အမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်ထားပြီး ဘရစ္စဘန်းမြို့၌လည်း ဇန်နဝါရီ ၉ ရက်မှစ၍ ရှောင်တခင် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို ချမှတ်လိုက်ပြီဖြစ်သည်။
ဘရစ္စဘန်းမြို့၌ ရှောင်တခင်ချမှတ်လိုက်သည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်သည် ဇန်နဝါရီ ၉ ရက်မှစ၍ သုံးရက်ကြာမြင့်မည်ဖြစ်သည်။
မြို့နေများသည် ကျန်းမာရေးကိစ္စနှင့် အစားအစာဝယ်ယူရန်တို့မှလွဲ၍ အပြင်ထွက်ခွင့်ရရှိမည်မဟုတ်ချေ။ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ ခြောက်ခြားစရာကောင်းကြောင်း ဒေသခံတစ်ဦးကပြောဆိုခဲ့သည်။
ကူးသန်းသွားလာမှုပိတ်ပင်ထားစဉ်အတွင်း သွားရောက်ခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ထားသဖြင့် အပန်းဖြေသူများနှင့် စည်ကားလေ့ရှိသည့် အဝေးပြေးလမ်းမများ၌လည်း လူပြတ်နေသည်။
ဗြိတိန်မှ ပြန်လာသူတစ်ဦးမှတစ်ဆင့် သီးခြားထားရှိရေးစခန်းအဖြစ် အသုံးပြုနေသည့် ဟိုတယ်တစ်လုံးမှ သန့်ရှင်းရေးသမားတစ်ဦးထံသို့ ကူးစက်မြန် မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူဦးရေ နှစ်သန်းကျော်ရှိ ဘရစ္စဘန်းမြို့၌ ပိတ်ပင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခင်က ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ထက် ပိုမိုကူးစက်မြန်သည့် မျိုးဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲများစွာသည် ဗြိတိန်အပါအဝင် နိုင်ငံများစွာသို့ ပျံ့နှံ့ခဲ့ပြီဖြစ်သည်။
ဇန်နဝါရီအစောပိုင်းတွင် မဲလ်ဘုန်းမှ ဘရစ္စဘန်းသို့ လေယာဉ်ခရီးစဉ်တစ်ခုတွင် လိုက်ပါခဲ့သည် အမျိုးသမီးတစ်ဦး ဗြိတိန်၌ မြစ်ဖျားခံသည့် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အခြားခရီးသည်များကိုလည်း COVID-19 ရှိမရှိစစ်ဆေးရန် တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။
အဆိုပါအမျိုးသမီးသည် သီးခြားနေထိုင်သည့် ကာလအဆုံးသတ်ပြီးမှသာ ခရီးသွားခြင်းဖြစ်သောကြောင့် အခြားလူများသို့ ဆက်လက်ကူးစက်နိုင်ခြေနည်းပါးကြောင်း ကွင်းစလန်ပြည်နယ်ကျန်းမာရေးအရာရှိချုပ် ဂျင်းနက် ယန်းကပြောဆိုခဲ့သည်။

















