မန္တလေးမြို့အခြေစိုက် အထက်မြန်မာပြည်ဓာတ်ပုံအသင်း၏ (၄၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာနှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲတစ်ရပ်ကိုကဏ္ဍ ခြောက်ခုဖြင့် ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် ဓာတ်ပုံများကို သက်ဆိုင်ရာကဏ္ဍအလိုက် စတင်ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထည့်သွင်းထားသောကဏ္ဍများမှာရှုချင်စဖွယ် အဖြူအမည်းကဏ္ဍ၊ ရှုချင်စဖွယ် ရောင်စုံကဏ္ဍ၊ စံပြအလှမယ်ရောင်စုံကဏ္ဍ၊ အမြင်သစ်ရောင်စုံ/အဖြူအမည်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး (Photo Essay) ရောင်စုံ/အဖြူအမည်းက@နှင့် မန္တလေးတောင်ကို ရာသီမရွေး ရိုက်ကူးထားသည့် Mandalay Hill Color ကဏ္ဍ(တောင်ပေါ်မှ ရိုက်ကူးသည့်ရှုခင်းပုံများ မပါဝင်ရ)တို့ဖြစ်ပြီး အသင်းဝင်မဟုတ်သူများလည်း ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သူတစ်ဦးသည် ဖိုတိုအက်ဆေးကဏ္ဍမှအပတခြားကဏ္ဍများတွင် ကဏ္ဍတစ်ခုလျှင် ၁ဝ လက်မနှင့် ၁၂ လက်မထက်မငယ်၊ ၁ဝလက်မနှင့် ၁၅လက်မထက် မကြီးသော ပုံလေးပုံစီတင်သွင်းနိုင်ရာ ဖိုတိုအက်ဆေးအတွက် ၈ လက်မနှင့် ၁၂လက်မအရွယ် ငါးပုံဖြင့် နှစ်ပုဒ်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေးမှာ ကဏ္ဍတစ်ခုလျှင် အသင်းသားတစ်ဦး ကျပ် ၅,ဝဝဝ နှင့် ပြင်ပမှသူများ ကျပ် ၁ဝ,ဝဝဝ ဖြစ်သည်။ ပြိုင်ပွဲဝင်ပုံများသည် နိုင်ငံတော်၏မူဝါဒနှင့်ဆန့်ကျင်သောပုံများ၊ အမျိုးသားယဉ်ကျေးမှုနှင့် ဆန့်ကျင်သောပုံများ၊တည်ဆဲဥပဒေနှင့် ငြိစွန်းသောပုံများမဖြစ်စေရဘဲ တခြားပြည်တွင်းနှင့် ပြည်ပပြိုင်ပွဲများ၌ ဆုရထားပြီးသောပုံများဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့်အမည်တစ်ခုထက်ပို၍ ယှဉ်ပြိုင်ခွင့်မရှိသကဲ့သို့ ဆုကြီးတစ်ဆုနှင့် နှစ်သိမ့်ဆုတစ်ဆု(သို့မဟုတ်)နှစ်သိမ့်ဆုနှစ်ဆုသာခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန် အသိပေးထားသည်။
ပြိုင်ပွဲကဏ္ဍ ခြောက်ခုစလုံးသို့ဝင်ရောက်ယှဉ်ပြိုင်၍ အနည်းဆုံးကဏ္ဍတစ်ခုတွင် ပထမဆုရရှိ၍ အမှတ်အများဆုံးရရှိသူများ အကောင်းဆုံးဓာတ်ပုံပညာရှင်ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဆုရွေးချယ်ခံထားပုံအား ကန့်ကွက်လိုပါကပြိုင်ပွဲကော်မတီသို့ ငွေကျပ် ၃ဝ,ဝဝဝတင်ကာ အထောက်အထားခိုင်လုံစွာဖြင့်ဆုရွေးချယ်အပြီး ၁၄ ရက်အတွင်းကန့်ကွက်နိုင်မည်ဟုဆိုသည်။ အနယ်နယ်အရပ်ရပ်မှ ပြိုင်ပွဲဝင်ပုံများကိုဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ အထက်မြန်မာပြည်ဓာတ်ပုံအသင်း ရုံးတည်ရှိရာ ၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၊ ရတနာပုံစူပါစင်တာစတုတ္ထထပ်၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့သို့ ဆက်သွယ်ပေးပို့နိုင်ကာဆုရွေးချယ်မှုများကို ဇန်နဝါရီ ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် အသင်းရုံး၌ပြုလုပ်မည်ဖြစ်ပြီး ဆုချီးမြှင့်မည့် အစီအစဉ်အသေးစိတ်ကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
















