အရေးယူတားမြစ်မှုများ လုပ်ဆောင်နေသည့်ကြားမှ ပြင်ဦးလွင်သစ်တောမြေတွင် ကျူးကျော်မှုများ ဖြစ်ပွားခဲ့

အရေးယူတားမြစ်မှုများ လုပ်ဆောင်နေသည့်ကြားမှ ပြင်ဦးလွင်သစ်တောမြေတွင် ကျူးကျော်မှုများ ဖြစ်ပွားခဲ့

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းမြေအတွင်း အရေးယူတားမြစ်မှုများ လုပ်ဆောင်နေသည့်ကြားမှ အဆောက်အဦး တံတိုင်းများ အခိုင်အမာ ဆောက်လုပ်ကျူးကျော်မှုများမှာ  ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောသည်။

ပြင်ဦးလွင်ကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ကျုးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်၊ သွပ်ဆူးကြိုး ကာရံခြင်း၊ အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦး အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော်လုပ်ကိုင် ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ် ကြောင်း သစ်တောဦးစီးဌာနက ၎င်းတို့ Forest Department အင်တာနက်စာမျက်နှာတွင် ဇန်နဝါရီ ၆ ရက်က သတိပေးဖော်ပြခဲ့သည်။ သို့သော် ထိုသို့အဆောက်အဦး၊ အုတ်တံတိုင်းများ အခိုင်အမာဆောက်လုပ်ပြီးမှ သတိပေးလာခြင်းအပေါ် လူထုမှ ဝေဖန်ခြင်းများ ရှိခဲ့သည်။

"သစ်တောဦးစီးဌာနအနေနဲ့ ၂၀၁၆ မှ ၂၀၂၁ အထိ အမှုအရေအတွက် ၁၂၇ မှုနဲ့ အရေးယူခဲ့ပြီး တရားခံဦးရေ ၂၁၀ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဌာနသည် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ဥပဒေအရ (ကျူး)တိုးချဲ့ေ ဆာင်ရွက်နေမှုကို ထိရောက်စွာတားဆီးဖို့ အခက်အခဲတွေရှိခဲ့တယ်။ အခု ၂၀၁၈ ဥပဒေအရ ဖယ်ရှားလို့ ရလာတဲ့အချိန်မှာ ကျွန်တော်တို့တရားစွဲဆိုထားသော်လည်း ယနေ့အချိန်ထိ မဖယ်ရှား၊ လက်ရောက်မ အပ်တဲ့သူတွေကို အဲဒီအိမ်ရှေ့မှာ သစ်တောကြိုးဝိုင်းဖြစ်တယ်၊ ကျူးကျော်ရင် အရေးယူခံရမယ်ဆို တဲ့ဆိုင်းဘုတ်ကို ထပ်မံစိုက် ထူခြင်းဖြစ်ပါတယ်။ အရင်ကလည်း စိုက်တယ်။ သူတို့စပြီး ဖောင်ဒေးရှင်း မချခင်ကတည်းက တားမြစ်စာပို့ တယ်။ နောက်ပြီး တရားစွဲတယ်၊ ဒီကြားထဲကနေ ဒီလိုဖြစ်သွားကြတာ။ နောက်ဆုံး ၂၀၁၈ ဥပဒေအရ ကျွန်တော်တို့က ဒါကို ပိုပြီးထိရောက်စွာအရေးယူနိုင်ပြီဖြစ်တဲ့အတွက် တရားရုံး ကလည်း ဖယ်ရှားရမယ့် အမိန့်ချလာပြီဖြစ်တဲ့အတွက် ဒါကိုသူတို့ရှေ့မှာရိုက်တော့ ပြည်သူတွေမှာတော့ ဒီလောက်ကြီး ကြီးမှ စိုက်ရသလား၊ အစတုန်းက အရေးမယူဘူးလားဆိုပြီး ဖြစ်တာပေါ့"ဟု ဦးဇော်ဝင်း မြင့်က ပြောသည်။

ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ကြိုးဝိုင်းကျုးကျော်ကာ အခြေချနေထိုင်ခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်း စသည်တို့ကို ၁၉၉၂ သစ်တောဥပဒေအရလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဥပဒေအရလည်း ကောင်း အရေးယူနေကြောင်း၊ သို့ရာတွင် ၂၀၁၃ ခုနှစ် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်အရ သစ်တောမြေ များတွင် နှစ်ကာလအတိုင်းအတာတစ်ခုအထိ ကျူးကျော်အခြေချနေထိုင်သည့် ကျေးရွာ၊ အိမ်စုများကို စာရင်း ကောက်ယူပြီး ရွာမြေ၊ သာသနာမြေ၊ အများပိုင်မြေနှင့် လယ်မြေများအား သစ်တောနယ်မြေမှ ပယ်ဖျက်ပေးခဲ့ ကြောင်း၊ ၎င်းကိုနမူနာယူကာ တချိန်ချိန်တွင် နိုင်ငံတော်မှ ပယ်ဖျက်ပေးမည်ယူဆကာ ကြိုးဝိုင်းအတွင်း အခြေချနေထိုင်မှုများမှာ ၂၀၁၃ နောက်ပိုင်းမှစတင်ကာ ပိုမိုများပြားလာခဲ့ ကြောင်း ပြောသည်။ ၂၀၁၃ တွင် သစ်တောကျူးများကို ကျူးအဖြစ်မှ ပယ်ဖျက်ပေးမှုမှာ ဧကပေါင်း ၁,၈၀၀ ကျော်ရှိ ကြောင်း ၎င်းကပြောသည်။

၁၉၉၂ သစ်တောဥပဒေတွင် ကျူးကျော်သူများအား ပုဒ်မ ၄၀ (က) အရ ငွေဒဏ်ကျပ် (၅၀၀၀) အထိဖြစ်စေ၊ ထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ပြဌာန်းထားကြောင်း၊ တရားရုံးမှ ပြစ်မှုကျူးလွန်သူ အား ဒဏ်ကြေးငွေကျပ် ၅,၀၀၀ ပေးဆောင်ရန်နှင့် ပျက်ကွက်ပါက ထောင်ဒဏ် (၁) လ (သို့မဟုတ်) ၁၅ ရက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ ယင်းဥပဒေအရ တရားရုံးမှ အမိန့်ချမှတ်ရာတွင် အဆောက်အဦးအား ဖယ်ရှားဖျက်ဆီးခြင်း၊ သစ်တောနယ်မြေအား ဝန်ကြီးဌာနသို့ ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်နိုင်ခြင်းမရှိသဖြင့် ကျူးကျော်သူများအနေဖြင့် ဥပဒေပါအားနည်းချက်ကို အခွင့်ကောင်းယူကာ ဆက်လက်ကျူးကျော်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိရောက်စွာဟန့်တားနိုင်မှု အားနည်းခဲ့ကြောင်း ၎င်းကပြောသည်။

သို့ရာတွင် ၂၀၁၈ သစ်တောဥပဒေတွင် ပြစ်မှုကျူးလွန်သူကို (၁) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်မှုနှင့် သက်ဆိုင်သည့်လူအပါအဝင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို စီရင်ချက်ချမှတ်သည့်နေ့မှစကာ ရက်ပေါင်း ၃၀ အတွင်းဖယ်ရှားစေကာ ယင်းသစ်တောနယ်မြေကို ဝန်ကြီးဌာနကို လက်ရောက်ပေးအပ်ရန် ပြဌာန်းထားသည်။

"မြေလွတ်မြေရိုင်းတွေမှာ အကွက်ရိုက်တာတွေ၊ ယာမြေတွေမှာ အကွက်ရို က် တာတွေနဲ့ ရောထွေးပြီး တချို့က စိုးရိမ်နေကြတယ်။ သောကပွားကြတာပေါ့။ ကျွန်တော်တို့က သစ်တောကြိုးဝိုင်းမှာ ကျူးကျော်အခြေချထားတဲ့၊ ခွင့်ပြုမိန့်မရှိပဲ အဆောက်အဦးတွေ ဆောက်ထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက (တားမြစ်) ဆိုင်းဘုတ်တွေတပ်တာသည် အခုမှတပ်တာ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်ကတည်းက ဒါတွေကို မကျူးကျော်ရ၊ သစ်တောကြိုးဝိုင်းဖြစ်သည်၊ အရေးယူတဲ့ဟာတွေ အစဉ်အဆက် လုပ်ခဲ့တာပါ။ ဆိုရှယ်မီဒီယာ အားကောင်းတဲ့ အခါ အခုကျမှ ထလုပ်သလိုဖြစ်ပြီး၊ သစ်တောဦးစီးဌာနက အခုမှ ထလုပ်သလား၊ အရင်က ဒါတွေလုပ်မှန်း မသိဘူးလားဆိုတာလိုဖြစ်နေတာပါ"ဟု ဦးဇော်ဝင်းမြင့်က ပြောသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး