ဂျိုးဘိုင်ဒင် ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံမည်

ဂျိုးဘိုင်ဒင် ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံမည်

အမေရိကန်သမ္မတရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် ဂျိုးဘိုင်ဒင်သည် COVID-19 ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံရသည့်အလျောက် ဇန်နဝါရီ ၁၁ ရက် နှောင်းပိုင်းတွင် ဒုတိယအကြိမ်ထိုးနှံမှုကို ပြုလုပ်မည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေးအပေါ် အများပြည်သူ ယုံကြည်မှုမြင့်တက်လာရေးအတွက် ဘိုင်ဒင်သည် ကာကွယ်ဆေးထိုးနှံမှုကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

အမေရိကန်ပြည်သူများအနေဖြင့် ကာကွယ်ဆေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း အသက် ၇၈ နှစ်အရွယ် ဘိုင်ဒင်သည် ဒီဇင်ဘာ ၂၁ ရက်တွင် ဒီလာဝဲပြည်နယ် နီဝါ့ရှိ ခရစ္စတီယာနာဆေးရုံ၌ Pfizer-BioNTech ထုတ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပြီးနောက် ပြောဆိုခဲ့သည်။

ဒုတိယအကြိမ်ထိုးနှံမှုကို မီဒီယာများရှေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ဘိုင်ဒင်၏အဖွဲ့ကပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့်သေဆုံးသူ ၃၇၄၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်၏အစိုးရက COVID-19 ကာကွယ်ဆေးကို ထိရောက်စွာ ဖြန့်ချိမှုမရှိခြင်းသည် အဖြစ်ဆိုးကြီးဖြစ်ကြောင်း ဘိုင်ဒင်က ဇန်နဝါရီ ၈ ရက်တွင် ဝေဖန်ပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်အကုန်ပိုင်းတွင် နိုင်ငံသား သန်း ၂၀ အား ကာကွယ်ဆေးထိုးနှံပြီးဖြစ်နေရမည်ဖြစ်ကြောင်း လျာထားချက်ရှိနေသော်လည်း ယခုအချိန်အထိ နိုင်ငံသား ၆ ဒသမ ၇ သန်းကိုသာ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးနိုင်သေးသည်။ ကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ ၂၂ ဒသမ ၂ သန်း ကိုဖြန့်ချိထားပြီးဖြစ်သော်လည်း သယ်ယူပို့ဆောင်ဖြန့်ချိရေးတွင် အခက်အခဲများကြောင့် လျာထားချက် မပြည့်မီနိုင်ခြင်းဖြစ်သည်။

အမေရိကန်ဆေးဝါးအာဏာပိုင်များက ခွင့်ပြုထားသည့် Pfizer နှင့် Moderna ထုတ်ကာကွယ်ဆေးများသည် ပထမအကြိမ်ထိုးနှံပြီး သုံးပတ်မှ လေးပတ်အကြာတွင် ဒုတိယအကြိမ်ထိုးနှံရန်လိုအပ်သည်။