ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုက်ခရိုနီးရှား၌ ပထမဆုံး COVID-19 ကူးစက်သူတစ်ဦးရှိနေကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည်။
ပထမဆုံး ကူးစက်သူရှိလာသောကြောင့် စိုးရိမ်စရာရှိနေသော်လည်း နိုင်ငံတွင်း ဆက်လက်မပျံ့နှံ့စေရန် နယ်စပ်မှာပင် ထိန်းချုပ်နိုင်ခဲ့ကြောင်း မိုက်ခရိုနီးရှားသမ္မတ ဒေးဗစ် ပါနျူလိုကပြောဆိုခဲ့သည်။
မိုက်ခရိုနီးရှား၌ လူဦးရေ ၁၀၀၀၀၀ ခန့်နေထိုင်သည်။
ကူးစက်မှုကို ထိန်းချုပ်နိုင်နေသောကြောင့် နိုင်ငံသားများ စိုးရိမ်စရာမရှိကြောင်း ပါနျူလိုကပြောဆိုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၌ ပြုပြင်မှုပြုလုပ်ခဲ့သည့် အစိုးရပိုင်သင်္ဘောတစ်စင်းတွင် တာဝန်ထမ်းဆောင်နေသည့် အမှုထမ်းတစ်ဦး COVID-19 ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပါနျူလိုကပြောဆိုခဲ့သည်။
အဆိုပါအမျိုးသားနှင့် လုပ်ဖော်ကိုင်ဖက်များသည် သင်္ဘောပေါ်၌ ဆက်လက်နေထိုင်နေရပြီး ကန်ကြီးတစ်ခုထဲတွင် သင်္ဘောကို ကျောက်ချထားကာ ၂၄ နာရီမပြတ် လုံခြုံရေးချထားပြီးဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံများသည် ခရီးသွားလာရေးလုပ်ငန်းကို မှီခိုနေရသော်လည်း COVID-19 ကူးစက်မှုစတင်ဖြစ်ပွားပြီးနောက် မကြာမီတွင် နယ်စပ်များကို စောစီးစွာ ပိတ်သိမ်းခဲ့သောကြောင့် COVID-19 ကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ဗာနူအာတူး၊ ဆော်လမွန်ကျွန်းစုများ၊ မာရှယ်ကျွန်းစုများ၊ ဆာမိုအာနှင့် မိုက်ခရိုက်နီးရှားတို့သည် ဗိုင်းရပ်စ်ကင်းစင်သည်ဆိုသည့် အခြေအနေကို ဆုံးရှုံးခဲ့ရပြီးဖြစ်သော်လည်း မြို့နယ်ကျေးရွာတွင်း ကူးစက်မှုမရှိသေးချေ။

















