ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်လိုကြောင်း ကုလအကြီးအကဲ ပြော

ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်လိုကြောင်း ကုလအကြီးအကဲ ပြော

ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်လိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်က လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံတို့အား ပြောဆိုခဲ့သည်ဟု ဘလွမ်းဘတ်သတင်းဌာနက သံတမန်နှစ်ဦး၏ပြောဆိုမှုကို ကိုးကား၍ ဇန်နဝါရီ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ဂူတာရက်စ်သည် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌအား မကြာမီတွင် အသိပေးဖွယ်ရှိနေကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၇၁ နှစ်အရွယ် ဂူတာရက်စ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် နဝမမြောက်ကုလထွေချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ ထွေချုပ်အဖြစ် ငါးနှစ်သက်တမ်းသည် ယခုနှစ်အကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဂူတာရက်စ်သည် တာဝန်ဆက်လက်ထမ်းဆောင်သင့်မသင့်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို စောင့်ဆိုင်းခဲ့ပြီး ဂျိုးဘိုင်ဒင် အနိုင်ရရှိကြောင်း သိရှိပြီးနောက် ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်လိုကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းဌာနက ဖော်ပြခဲ့သည်။

ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်အတွင်း ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား ဆက်ဆံရေးများစွာ ကောင်းမွန်ခြင်းမရှိခဲ့ချေ။

ထရမ့်လက်ထက်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး အီရန်နျူသဘောတူစာချုပ်မှလည်း နုတ်ထွက်ခဲ့သောကြောင့် လုံခြံုရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ စိတ်ပျက်ခဲ့ရသည်။

ထို့ပြင် ထရမ့်အစိုးရသည် ပါရီရာသီဥတုသဘောတူစာချုပ်မှလည်း နုတ်ထွက်ခဲ့သည်။