မိဘကထောက်ပံ့မှုမပေးနိုင်သည့် ကျောင်းသားကျောင်းသူများအား ဟိတဓရပရဟိတကျောင်းတွင် ပညာသင်ကြားပေးမည်

မိဘကထောက်ပံ့မှုမပေးနိုင်သည့် ကျောင်းသားကျောင်းသူများအား ဟိတဓရပရဟိတကျောင်းတွင် ပညာသင်ကြားပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ လေရှီးမြို့ဝန်းကျင်ရှိ မိဘများကထောက်ပံ့မှုမပေးနိုင်သည့် ကျောင်းသား ကျောင်းသူများကို လက်ခံကာပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း လေရှီးဟိတဓရ ပရဟိတကျောင်းတာဝန်ခံ ဦးတေဇောဘာသထံမှ သိရသည်။

''ရည်ရွယ်ချက်က တချို့ကျောင်းနေချင်ပေမယ့် မိဘကထောက်ပံ့မှုမပေးနိုင်တဲ့ ကျောင်းသားကျောင်းသူတွေ လက်ခံမှာဖြစ်သလို လမ်းပမ်းဆက်သွယ်ရေးခက်ခဲလို့ ပညာမသင်နိုင်ကြတဲ့သူတွေကို သင်ခွင့်ရအောင်ခေါ်ယူထားပြီး သင်ပေးလိုတာပါတယ်''ဟု ဦးတေဇောဘာသက မိန့်သည်။လေရှီး ဟိတဓရ ပရဟိတကျောင်းကို ပသုံးလုံးသာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသက ဦးစီးတည်ထောင်ခြင်းဖြစ်ပြီး လေရှီးမြို့အောင်မင်္ဂလာရပ်ကွက်တွင် ၂ဝ၂ဝ ပြည့်နှစ် မတ်လ၌ စတင်တည်ထောင်ကာ နှစ်ထပ်ကျောင်းဆောင် တည်ဆောက်နေခြင်းဖြစ်သည်။

''ကိုယ်ထူကိုယ်ထ ပရဟိတကျောင်းဆိုတော့ အလှူရှင်တွေအားနဲ့ရပ်တည်ရတာပါ။ ဒီကျောင်းနေရာကို ရပ်ကွက်ဒေသခံအလှူရှင်က မြေနေရာလှူပါတယ်။ မြေနေရာက မြေပြန့်မဟုတ်တော့ ဘက်ဟိုးနဲ့မြေညှိတာတွေ လုပ်ခဲ့ရပါတယ်။ အလျား(၆၃)ပေ အနံ(၁၂)ပေ အကျယ် သစ်သားနှစ်ထပ်ကျောင်း တည်ဆောက်နေပါတယ်။ အပေါ်ထပ်ပြီးသွားပြီ။ အောက်ထပ်ကိုဆက်လုပ်နေတယ်။ ကျောင်းသူဆောင်၊ အာဟာရဆောင်၊ မီးဖိုဆောင်တွေလုပ်ဖို့ ရှိသေးတယ်'' ဟု ဦးတေဇောဘာသက မိန့်သည်။စာသင်ကျောင်းများဖွင့်ပါက အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူဦးရေ ၂ဝ လက်ခံသွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမများကို သီးသန့်လခပေးခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

တောင်ပေါ်ဒေသဖြစ်သည့်အတွက်တည်ဆောက်ရေးတွင်အခက်အခဲဖြစ်သလို ဘိလပ်မြေ၊ အုတ်၊ သံထည်များဝယ်ရသည့် ဈေးနှုန်းသည် နှစ်ဆခန့်မြင့်သလို သယ်ယူစရိတ်၊ တန်ဆာခတွေ ဈေးကြီးကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး