COVID-19 ကူးစက်ခံရပြီးနောက် သက်သာပျောက်ကင်းသူများထံမှ ရရှိသည့် သွေးရည်ကြည်ဖြင့် COVID-19 ရောဂါသည်းလူနာများအား စမ်းသပ်ကုသခဲ့ရာ ထိရောက်မှုမရှိကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာလေ့လာမှုတစ်ခုအရသိရသည်။
အထူးကြပ်မတ်ကုသဆောင်များရှိ ရောဂါသည်း လူနာ ၉၀၀ ကျော်တို့အား သွေးရည်ကြည်ဖြင့် ကုသခဲ့ရာ သက်သာပျောက်ကင်းမှုမရှိကြောင်း တွေ့ရှိခဲ့သည်ဟု REMAP-CAP ၏လေ့လာမှုအရသိရသည်။
သို့သော် COVID-19 ကူးစက်ခံရပြီး ရောဂါအခြေအနေပြင်းထန်ခြင်းမရှိသည့် လူနာများအား သွေးရည်ကြည်ဖြင့် ကုသရာတွင် အန္တရာယ်မရှိကြောင်း သိပ္ပံပညာရှင်များကပြောဆိုခဲ့သည်။
သွေးရည်ကြည်ကုထုံးဖြင့် စတင်ကုသချိန်တွင် ပဋိပစ္စည်းမထုတ်ပေးသည့် လူနာများနှင့် ကိုယ်တွင်း ဗိုင်းရပ်စ်ပမာဏအလွန်အမင်းများပြားသော လူနာများသည် ကုထုံးကြောင့် ကောင်းကျိုးများခံစားခဲ့ရကြောင်း ဗြိတိန်ရှိ စိန့်တောမတ်ဆေးရုံရှိ သုတေသနပြုမှုကို ဦးဆောင်နေသော ပါမောက္ခ မနု ရှန်ကာ-ဟာရီကပြောဆိုခဲ့သည်။
ရောဂါအခြေအနေပြင်းထန်ခြင်းမရှိသည့် လူနာများအပေါ် သွေးရည်ကြည်ကုထုံးက မည်မျှသက်ရောက်မှုရှိမည်နှင့်ပတ်သက်၍ ဆက်လက်လေ့လာနေဆဲဖြစ်ကြောင်း ဒေါက်တာ ရှန်ကာ-ဟာရီကပြောဆိုခဲ့သည်။
သွေးရည်ကြည်များထဲ၌ ပါဝင်သည့် ပဋိပစ္စည်းသည် ဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်ပြီး ဆက်လက်မပွားရန် တားဆီးနိုင်မည်ဆိုသည့် အချက်ကို အခြေခံကာ ကုသမှုများပြုလုပ်နေခြင်းဖြစ်သည်။ သွေးရည်ကြည်ဖြင့် ကုသရာတွင် ရောဂါသည်းလူနာများ၌ သေဆုံးမှုကို လျှော့ချပေးနိုင်ခြေ သို့မဟုတ် အထူးကြပ်မတ်ကုသဆောင်၌ နေရသည့် ရက်ကို လျှော့ချပေးနိုင်ခြေ ၂ ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း ယခုလေ့လာမှုအရသိရသည်။
သွေးရည်ကြည်ကုထုံးဖြင့် ကုသမှုခံယူခဲ့ရသည့် ရောဂါသည်းလူနာများ၌ အဆုတ်ပျက်စီးမှုပမာဏကြီးမားလွန်းသောကြောင့် ကုထုံးမထိရောက်ခြင်းဖြစ်နိုင်ကြောင်း ကနေဒါရှိ လာဗယ်တက္ကသိုလ်မှ ပါမောက္ခ အလက်ဇီ တာဂျွန်က သုံးသပ်ပြောဆိုခဲ့သည်။
ပဋိပစ္စည်းသည် ရောဂါလက္ခဏာများကိုပျောက်ကင်းအောင် ကုသပေးခြင်းမရှိဘဲ ဗိုင်းရပ်စ်ဆက်လက်မျိုးမပွားရန်သာ လုပ်ဆောင်ပေးနိုင်ကြောင်း ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ပညာရှင် ဂိုင်း မီဖလင်ကပြောဆိုခဲ့သည်။

















