ထရမ့်၏အကောင့်ကို ပိတ်ပင်ထားမှု ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း ဖေ့စ်ဘွတ်ခ်ပြော

ထရမ့်၏အကောင့်ကို ပိတ်ပင်ထားမှု ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း ဖေ့စ်ဘွတ်ခ်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဖေ့စ်ဘွတ်ခ်အကောင့်အား ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း ဖေ့စ်ဘွတ်ခ်၏ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာအကြီးအကဲ ရှယ်ရီ ဆန်းဘတ်က ဇန်နဝါရီ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။

ထရမ့်နှင့် ထရမ့်လိုလားသူများ၏ ဖေ့စ်ဘွတ်ခ်အကောင့်များကို ပိတ်ပင်ထားသည့်အတွက် ဝမ်းမြောက်မိကြောင်း ဆန်းဘတ်က ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတထရမ့်သည် သမ္မတရွေးကောက်ပွဲ၌ မဲလိမ်လည်မှုများရှိခဲ့ကြောင်း အခြေအမြစ်မရှိပြောဆိုကာ ၎င်းအားထောက်ခံသူများကိုလည်း လှုပ်ရှားမှုများပြုလုပ်ရန် တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။

မဲခိုးမှု ရပ် ဆိုသည့် စကားစုကိုလည်း ဖေ့စ်ဘွတ်ခ်က ပိတ်ပင်လိုက်ပြီဖြစ်သည်။ ထရမ့်သည် အဆိုပါစကားစုကိုအသုံးပြုပြီး အကြမ်းဖက်မှုများကျူးလွန်ရန် လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ထရမ့်သည် အကောင့်ပိတ်ပင်ခံထားရမှုနှင့်ပတ်သက်၍ အယူခံဝင်လိုပါက ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့မှတစ်ဆင့် ပြုလုပ်နိုင်ကြောင်း ဆန်းဘတ်ကပြောဆိုခဲ့သည်။

သို့သော် ထရမ့်သည် ဘုတ်အဖွဲ့မှတစ်ဆင့် အယူခံဝင်ခွင့်ရရှိမည်မဟုတ်ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

သမ္မတသည် ဖေ့စ်ဘွတ်ခ်မူဝါဒများ၏အထက်ကရှိမနေသည်ကို အကောင့်ကိုပိတ်ပင်ခြင်းဖြင့် ပြသခဲ့ကြောင်း ဆန်းဘတ်ကပြောဆိုခဲ့သည်။

အများပြည်သူသည် ခေါင်းဆောင်များ၏ထုတ်ပြန်ချက်များကို သိရှိပိုင်ခွင့်ရှိသည်ဟု ပြောဆိုပြီး ဖေ့စ်ဘွတ်ခ်သည် နိုင်ငံရေးသမားများ၏ ရန်လိုသော ပြောဆိုမှုများကို ပိတ်ပင်ရန် ပျက်ကွက်ခဲ့သည်။