ဆန်ဒီယေဂိုတိရစ္ဆာန်ရုံရှိ မျောက်ဝံများ COVID-19 ကူးစက်ခံထားရ

ဆန်ဒီယေဂိုတိရစ္ဆာန်ရုံရှိ မျောက်ဝံများ COVID-19 ကူးစက်ခံထားရ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုတိရစ္ဆာန်ရုံရှိ ဂေါ်ရီလာမျောက်ဝံနှစ်ကောင်တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပြီး မျောက်ဝံများသို့ ကူးစက်မှုဖြစ်ပွားသည့် ပထမဆုံး ဖြစ်ရပ်ဖြစ်ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။ 

မျောက်ဝံနှစ်ကောင်သည် လွန်ခဲ့သည့် သီတင်းပတ်မှစ၍ ချောင်းဆိုး ခြင်းလက္ခဏာများ စတင်ဖြစ်ပေါ်ခဲ့ပြီး ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရောဂါပိုး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် တတိယ မျောက်ဝံတစ်ကောင် တွင်လည်း ရောဂါလက္ခဏာများတွေ့ရှိနေရကြောင်း ပြည်နယ်အုပ်ချုပ်ရေး မှူး ဂါဗင်နယူးဆန်က ပြောကြားခဲ့သည်။

၎င်းတို့သည် ရောဂါလက္ခဏာ မပြခဲ့သော တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦး ထံမှ ကူးစက်ခံရဖွယ်ရှိသည်ဟု ယူဆထားသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ‘’ချောင်းဆိုးတာနဲ့ ရင်ကျပ်တာမျိုး အနည်းငယ်လောက် ရှိတာ ကလွဲပြီး မျောက်ဝံတွေဟာ နေထိုင်ကောင်းပါတယ်။ သူတို့ကို သီးခြားခွဲထား ပြီး စားနိုင်သောက်နိုင်ကြပါတယ်။ ပြန်ပြီး ကောင်းမွန်လာလိမ့်မယ်လို့ ကျွန် တော်တို့ မျှော်လင့်ပါတယ်’’ ဟု တိရစ္ဆာန်ရုံ ကြီးကြပ်ရေးမှူး လီဆာပက်တာ ဆန်က ပြောကြားခဲ့သည်။

ဂေါ်ရီလာ မျောက်ဝံများတွင် လူသား၏ မျိုးရိုးဗီဇပစ္စည်းများ ၉၈ ရာခိုင် နှုန်းအထိ ပါဝင်နေပြီး လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မတူညီသော မျောက်အချို့ သာ COVID-19 ကူးစက်မှုကို ခံနိုင်ရည်မရှိကြောင်း လေ့လာတွေ့ရှိရသည်။

COVID-19 ကူးစက်ခံရပါက ဂေါ်ရီလာ မျောက်ဝံများသည် ပြင်းထန်သည့် ဝေဒနာမျိုးကို ခံစားရခြင်း ရှိ၊ မရှိ ကိုမူ အတိအကျ မသိရသေးပေ။ ထို့ပြင် အခြားသော တိရစ္ဆာန်များသည်လည်း ကူးစက်ခံထားရခြင်း ရှိ၊ မရှိကိုလည်း အတိအကျ မသိရသေးပေ။

ဂေါ်ရီလာမျောက်ဝံများ ထားရှိသော ဆာဖာရီ တိရစ္ဆာဥယျာဉ်သည် လွန်ခဲ့သော ဒီဇင်ဘာလ အစောပိုင်းကတည်းကပင် ဧည့်သည်များ လက်မခံ တော့ကြောင်း သိရသည်။

မျိုးဗီဇနှင့်ပတ်သက်၍ မျောက်ဝံများသည် လူသားနှင့် ၉၈ ရာခိုင်နှုန်းတူညီသည်။