အမေရိကန်ပြည်ထောင်စု၌ ဇန်နဝါရီ ၁၁ ရက်အထိ နိုင်ငံသား ၉ သန်းနီးပါးသည် COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ထုတ်ပြန်ကြေညာ ခဲ့သည်။
ရောဂါကူးစက်မှုများ နှေးကွေးသွားခြင်းမရှိသေးသောကြောင့် အမေ ရိကန်သည် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်။
ဇန်နဝါရီ ၁၁ ရက်အထိ အမေရိကန်နိုင်ငံသား ၈၉၈၇၃၂၂ ဦးကို ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း CDC က ပြောဆိုခဲ့သည်။ ထိုးနှံပေးသည့် ပမာဏသည် အမေရိကန်အစိုးရမှဖြန့်ဖြူးပေးထားသည့် ကာကွယ်ဆေးပမာဏ၏သုံးပုံတစ်ပုံသာရှိနေသည်။
မီရှီဂန်အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝစ်မာသည် Pfizer-BioNTech မှ ထုတ်လုပ်ထားသော ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ ၁၀၀၀၀၀ ကို တိုက်ရိုက်ဝယ်ယူခွင့်ရရှိရေးအတွက် ထရမ့်အစိုးရထံမှ ခွင့်ပြုချက်ကို ဇန်နဝါရီ ၁၁ ရက်တွင် လျှောက်ထားခဲ့သည်။
အမေရိကန် အစားသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန (FDA) သည် Moderna မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကိုလည်း အရေး ပေါ်အသုံးပြုခွင့်အတွက် အတည်ပြုပေးခဲ့ပြီးဖြစ်သည်။
‘’ကာကွယ်ဆေး ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွေ အရှိန်မြှင့် လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ အဆင်သင့်အနေအထား ရှိနေဆဲပါ’’ ဟု မီရှီဂန် အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝစ်မာက ကျန်းမာရေးနှင့် လူမှုရေးရာ ဝန်ကြီး အဲလက်စ်အဇာထံသို့ ပေးပို့သောစာတစ်စောင်၌ ရေးသားခဲ့သည်။
ပြည်ထောင်စု အစိုးရအနေဖြင့် ကာကွယ်ဆေးများ ထပ်မံ ဖြန့်ဖြူး ဆောင်ရွက်ခြင်းမရှိပါက ထိုးဆေးပြတ်လတ်သွားသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကြောင်း နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာလျှိုက ပြောဆိုခဲ့သည်။
၎င်းသည် ဇန်နဝါရီလအကုန်တွင် နယူးယောက်ရှိ လူဦးရေတစ်သန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ထားသည်။

















