မြဝတီမြို့တွင် တစ်ရက်ကျော်ကြာ ပျောက်ဆုံးနေသည့် ကလေးငယ်လေးဦးအား တောထဲမှ ပြန်လည်တွေ့ရှိ

မြဝတီမြို့တွင် တစ်ရက်ကျော်ကြာ ပျောက်ဆုံးနေသည့် ကလေးငယ်လေးဦးအား တောထဲမှ ပြန်လည်တွေ့ရှိ

မြဝတီမြို့တွင် တစ်ရက်ကျော်အကြာ ပျောက်ဆုံးသွားခဲ့သည့် ကလေးငယ်လေးဦးအား နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ရှာဖွေပေးမှုကြောင့်တောတွင်းတစ်နေရာမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၄) ရပ်ကွက်စရစ်ချောင် ရွှေမြဝတီ(၂) လမ်းတွင်နေထိုင်သည့် ဒေါ်မွန်မ၏ မြေးငယ်နှစ်ဦးအပါအဝင် အိမ်နီးချင်းမှ ကလေးငယ်နှစ်ဦး စုစုပေါင်း ကလေးငယ်လေးဦးသည် ဇန်နဝါရီ ၁ဝ ရက် ညနေ ၄ နာရီခန့်က နေအိမ်မှပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီ၃ဝ မိနစ်၌ မြဝတီမြို့နှင့် လေးမိုင်ခန့်အကွာရှိ တောတွင်းတစ်နေရာတွင်နယ်ခြားစောင့် တပ်/စည်းကမ်းထိမ်းသိမ်းရေးနှင့် ဗဟိုလုံခြုံရေးတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီးမိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၁ဝ ရက် ညနေ ၄ နာရီခန့်က အကြီးဆုံးကလေးဖြစ်သူအသက်(၁၃)နှစ်အရွယ် မောင်စနေထွန်းကဦးဆောင်ပြီး ကျန်ကလေးငယ်သုံးဦးကို တောထဲသို့ခေါ်သွားပြီး ခြေဦးတည့်ရာ လျှောက်သွားကြကာ မျက်စေ့လည်ပြီး ပြန်မလာတတ်တော့ပဲတောထဲရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ထမင်းတောင်းစားပြီးညအိပ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဆက်လက်ထွက်သွားကြရာ တောထဲ၌မျက်စေ့လည်ပြီး အိမ်မပြန်တတ်ပဲရှိနေကြစဉ် တစ်ရက်အကြာ တောနင်းရှာဖွေနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကလေးမိဘတွေ၊ အဘွားတွေကကျွန်တော့်ဆီ အကူအညီတောင်းလာကြတာပါ၊ ဒါနဲ့ ကျွန်တော့်တပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁ဝ ရက် ညနေ ၅ နာရီလောက်ကတည်းက ကလေးတွေသွားလာနိုင်မယ့်နေရာတွေကို အနှံ့ရှာဖွေခိုင်းခဲ့ပါတယ်၊ သောင်ရင်းမြစ်ကမ်းတစ်လျှောက်လည်း အနှံ့ရှာဖွေခဲ့ကြပါတယ်၊ အရိပ်အယောင် မတွေ့ခဲ့ကြဘူး၊ ဒါနဲ့ စုံစမ်းထောက်လှမ်းချက်အရ ထင်းခုတ်သွားသူတွေထံကနေပြီးတောထဲမှာ ကလေးတွေအသံတော့ကြားမိတယ်ဆိုတဲ့ သဲလွန်စ ရခဲ့ကာတပ်ဖွဲ့ဝင်တွေကို တောနင်းရှာခိုင်းရာကနေ မြဝတီမြို့နဲ့ လေးမိုင်ခန့်အကွာရှိတဲ့ အင်တောထဲမှာ တွေ့ခဲ့ကြတာပါ၊သူတို့ကို ကောင်းမွန်စွာပြန်ခေါ်လာနိုင်ခဲ့ပါတယ်'' ဟု နယ်ခြားစောင့်တပ်စည်းကမ်းထိမ်းသိမ်းရေးနှင့် ဗဟိုလုံခြုံရေးအဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။

အဆိုပါ ကလေးငယ်လေးဦးမှာမောင်စနေထွန်း၊ မောင်ဝေခ၊ မောင်အောင်ဖုန်းနိုင်နှင့် မောင်ရဲရင့်အောင်တို့ ဖြစ်ကြပြီး မြဝတီရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးမှတစ်ဆင့် ဗဟိုလုံခြုံရေး ဆက်ဆံရေးရုံးခန်းတွင် မိဘအုပ်ထိမ်းသူများထံသို့ ဇန်နဝါရီ ၁၁ ရက်ညနေ ၅ နာရီ ၃ဝ မိနစ်ခန့်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး