တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရ၍ NLD နှင့် ကယားပါတီ မတွေ့ဆုံဖြစ်

တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရ၍ NLD နှင့် ကယားပါတီ မတွေ့ဆုံဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် ကယားဒီမိုကရက်တစ်ပါတီ (KySDP)တို့၏ ဇန်နဝါရီ ၁၂ရက်တွေ့ဆုံပွဲမှာ နေရာညှိမရ၍ ပျက်ပြယ်ခဲ့ရကြောင်း သိရသည်။

NLD သည် စတင်ဖိတ်ကြားစဉ်ကတည်းက ပြည်နယ်ပါတီရုံးများတွင်သာတွေ့ဆုံရန် ဖိတ်ကြားထားခြင်းဖြစ်သည့်အပြင် ယခုတိုင်းရင်းသားတွေ့ဆုံမှုများကို သက်ဆိုင်ရာပါတီ ပြည်နယ်ရုံးများတွင်သာတွေ့ဆုံမည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

NLD နှင့် KySDP တို့သည် ဇန်နဝါရီ ၁၂ရက် မွန်းလွဲ ၁ နာရီတွင် NLD ပါတီပြည်နယ်ရုံး၌ တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း ကယားပါတီဘက်ကယင်းနေရာတွင်မတွေ့ဆုံနိုင်၍ ဆွေးနွေးပွဲပျက်ပြယ်ခဲ့ကြသည်။ ထို့ကြောင့်ပါတီနှစ်ခုစလုံးမှ ပြောခွင့်ရပုဂ္ဂိုလ်များကစိတ်မကောင်းဟု ပြောကြသလို နောင်တွင် အခြေအနေပေးပါက တွေ့ဆုံလိုကြောင်း မြန်မာတိုင်းမ်သို့ ပြောသည်။

''ကျွန်တော်တို့ကတော့ ပြည်နယ်ပါတီရုံးမှာ ၁ နာရီမှာတွေ့ဆုံဖို့ ပြောထားတာ။ အဲဒါကြောင့် ၁ နာရီမှာ ပြည်နယ်ရုံးမှာ စောင့်နေတာပေါ့။ သူတို့ဘက်က မလာဘူး။ ကျွန်တော်တို့ ၁ နာရီခွဲလောက်အထိ စောင့်သေးတယ်။ မလာလို့ပြန်လာခဲ့တယ်။ မတွေ့ဖြစ်ဘူး''ဟု တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအလုပ်အဖွဲ့ဝင်ဦးအင်ထုံးခါးနော်ဆန်က မြန်မာတိုင်းမ်သို့ပြောသည်။

NLDပါတီကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကချင်၊ မွန်နှင့် ကယားပြည်နယ်ကဲ့သို့ ဝေးလံသည့်အရပ်မှ လာရောက်ပြီး တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန်ကြိုးပမ်းခဲ့သော်လည်း အိမ်ရှင်ဖြစ်သည့် တိုင်းရင်းသားပါတီများကထွက်မတွေ့ခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းသည်ဟု ၎င်းက ပြောသည်။

''သူတို့ဆီကိုတောင် ရောက်ခဲ့ပြီးပြီပဲ။ ထွက်သင့်တယ်။ ထွက်ပြီးမှတွေ့သင့်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ဆုံကြမှပဲ။ တစ်ယောက်နဲ့ တစ်ယောက်သဘောထားတာတွေကို သိရမယ်လေ။မဆုံဘဲနဲ့ ဒီအတိုင်းသွားနေရင် ဘာတစ်ခုမှ မသိနိုင်ဘူး။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဘက်ကို ပွင့်ပွင့်လင်းလင်းတင်ပြဖို့ပဲ ခွင့်တောင်းတာပါ။ အဲဒီကိစ္စတွေက မဖြစ်သွားတဲ့အတွက်မအောင်မြင်တဲ့ပုံစံ ဖြစ်သွားတာပေါ့''ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ၎င်းက ပြောသည်။

''ကျွန်တော်တို့က နေရာလေးတစ်ခုကြောင့်ပဲ ဆွေးနွေးရမယ့်အကြောင်းအရာလေးပျက်သွားတာပေါ့''ဟု KySDP ပါတီအတွင်းရေးမှူး ဦးခူးသဲရယ်ကမြန်မာတိုင်းမ်သို့ ပြောသည်။NLD ပါတီအနေဖြင့် တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လက်တွေ့ကျရန်လိုအပ်သကဲ့သို့ တိုင်းရင်းသားပါတီများနှင့် ယုံကြည်မှုတည်ဆောက်ရာတွင်လည်း သဘောထားကြီးရန်လိုအပ်သည်ဟု ဦးခူးသဲရယ်က ဆက်ပြောသည်။ ကယားဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်နယ် NLD ရုံးမဟုတ်ဘဲအခြားနေရာတွင်တွေ့ဆုံရန်အတွက်ကိုယ်စားလှယ်လောင်းများကို ရွေးထုတ်ပြီးဖြစ်သကဲ့သို့ ဆွေးနွေးမည့်ခေါင်းစဉ်ကိုလည်း ပြင်ဆင်ပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး