တရုတ်ထုတ် COVID-19 ကာကွယ်ဆေးမှာ ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာ ထိရောက်မှုရှိကြောင်း ဘရာဇီးပညာရှင်များ ပြောကြား

တရုတ်ထုတ် COVID-19 ကာကွယ်ဆေးမှာ ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာ ထိရောက်မှုရှိကြောင်း ဘရာဇီးပညာရှင်များ ပြောကြား

တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVIC-19 ကာကွယ်ဆေးတစ်မျိုးမှာ ရောဂါလက္ခဏာ အရိပ်အခြည်ရှိသူများအပေါ် ကာကွယ်ရာ၌ ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာ ထိရောက်မှုရှိသည်ဟု ဘရာဇီး သုတေသန ပညာရှင်များက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း ဌာနက ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ယင်းကဲ့သို့ ထိရောက်မှုရာခိုင်နှုန်းပမာဏသည် ကာကွယ်ဆေးအား အတည်ပြုရန်အတွက် လုံလောက်ရုံမျှသာရှိပြီး လွန်ခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် ထိရောက်မှုရာခိုင်နှုန်းထက် လျော့ကျခဲ့ကြောင်း သိရသည်။

ယခုစမ်းသပ်တွေ့ရှိချက်အရ COVID-19 ဒုတိယလှိုင်းအား တိုက်ဖျက်ရန် ကြိုးစားနေသည့် ဘရာဇီးအစိုးရအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။

လက်တွေ့မဆန်သော မျှော်လင့်ချက်များဖြစ်စေသည့် အချက် အလက်များကို လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ခြင်းကြောင့် ဘရာဇီး ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Butantan Biomedical စင်တာအား သိပ္ပံပညာရှင်များနှင့် လေ့လာသူများက ပြစ်တင်ဝေဖန်ခဲ့ကြ သည်။

‘’ကျွန်မတို့က ကာကွယ်ဆေးကောင်းတစ်မျိုးရရှိနေပါပြီ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကာကွယ်ဆေးတော့ မဟုတ်ပါဘူး။ စိတ်တိုင်းကျတဲ့ ကာကွယ်ဆေးမျိုးလည်း မဟုတ်ပါဘူး’’ ဟု ဇီဝသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ နာတာလီယာ ပက်စ်တာနက်ခ်က ပြောကြားခဲ့သည်။

ဘရာဇီးဆေးပညာရှင်များသည် လွန်ခဲ့သည့် သီတင်းပတ်တွင် နောက်ဆုံး စမ်းသပ်ချက်များအရ COVID-19 ရောဂါ မပြင်းထန်သူများကို စမ်းသပ်ရာတွင် ကာကွယ်ဆေးမှာ ၇၈ ရာခိုင်နှုန်းခန့် ထိရောက်မှုရှိကြောင်း ထုတ်ပြန်ခဲ့ပြီး အောင်ပွဲခံမှုများ ရှိခဲ့ကြသည်။

ထို့ပြင် ရောဂါလက္ခဏာ လုံးဝနီးပါး မပြသသူများအား စပ်သပ်ရာတွင် လည်း ရရှိသည့် အချက် အလက်များကို အတိအကျ ထုတ်ပြန်ခဲ့ခြင်းမရှိ ကြောင်းလည်း သိရသည်။