ဒေါ်နယ်ထရမ့်အားဖြုတ်ချရန်အတွက် လုပ်ဆောင်မည်မဟုတ်ကြောင်း  ဒုတိယသမ္မတမိုက်ခ်ပန့်စ် ပြောကြား

ဒေါ်နယ်ထရမ့်အားဖြုတ်ချရန်အတွက် လုပ်ဆောင်မည်မဟုတ်ကြောင်း  ဒုတိယသမ္မတမိုက်ခ်ပန့်စ် ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်အား လက်ရှိရာထူးမှ ဖြုတ်ချပစ်ရေးအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြည်ဆင်ဖြည့်စွက်ချက်အပိုဒ် (၂၅) အသုံးပြုခွင့်ကို ဒုတိယသမ္မတ မိုက်ခန်ပန့်စ်က ပယ်ချလိုက်ကြောင်း သိရသည်။ 

သမ္မတအား အိမ်ဖြူတော်မှ ချက်ချင်းနှင်ထုတ်ပစ်ရန်အတွက် လုပ် ဆောင်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်အပိုဒ် (၂၅) အသုံးပြုခြင်းကို ၎င်းအနေဖြင့် ဆန့်ကျင်မည်ဖြစ်ကြောင်း မိုက်ခ်ပန့်စ်က ဇန် နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလော်စီထံသို့ ရေးသားပေးပို့ခဲ့သောစာ၌ သမ္မတ ဒေါ်နယ်ထရမ့်အား အပြစ်ပေးရန် ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းအား အသုံးပြုခြင်း (သို့မဟုတ်) ရာထူးအား လုယူခြင်းမျိုးအား ဆောင်ရွက်ခြင်း မပြုလုပ်သင့်ကြောင်း မိုက်ခန်ပန့်စ်က ပြောကြားခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလော်စီသည် သမ္မတထရမ့်အနေ ဖြင့် လက်ရှိရာထူးအား ဆက်လက်ထမ်းဆောင်နိုင်ရန် မသင့်တော်သူဖြစ်ကြောင်း ဆုံးဖြတ်ရန်အတွက် ဒုတိယသမ္မတနှင့် ဝန်ကြီးအဖွဲ့ကို တိုက်တွန်းခဲ့သူဖြစ် သည်။

‘’သမ္မတသက်တမ်း ကုန်ဆုံးဖို့အတွက် ၈ ရက်လောက်ပဲ လိုတော့တဲ့ အချိန်မှာ သင်နဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့နဲ့ ကျွန် တော့်ကို ပြင်ဆင်ဖြည့်စွက်ချက် အပိုဒ် ၂၅ ကို အသုံးပြုဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်မျိုးဟာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီတာမျိုး ဒါမှမဟုတ် ကျွန်တော်တို့ ပြည်ထောင်စုရဲ့ အ ကောင်းဆုံးသော ရည်မှန်းချက်တွေအပေါ်မှာ အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး’’ ဟု မိုက်ခ်ပန့်စ်က အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလော်စီထံသို့ ရေးသားပေးပို့ခဲ့သော စာတွင် ပြောကြားခဲ့သည်။

ထို့ပြင် လွှတ်တော်အနေဖြင့် အခြားနောက်ထပ် သွေးကွဲစေမည့် အခြေအနေမျိုးများနှင့် မီးလောင်ရာလေ့ပင့် အခြေအနေမျိုးကို ရှောင်ရှားကြ ရန် မိုက်ခ်ပန့်စ်က တိုက်တွန်းသွားခဲ့ပြီး ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်အား ချောမွေ့စွာဖြင့် အာဏာလွှဲပြောင်းပေးနိုင်ရေးကိုသာ အာရုံစိုက် ဆောင်ရွက် သင့်ကြောင်း ပြောကြားခဲ့သည်။

မိုက်ခ်ပန့်စ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အပိုဒ် ၂၅ လုပ်ထုံးလုပ်နည်းကို ငြင်းပယ်မည်ဆိုပါက သမ္မတကို စွပ်စွဲပြစ် တင်ဖြုတ်ချနိုင်ရေးအတွက် လွှတ်တော်က ကြိုးစားဆောင်ရွက်မည်ဖြစ် ကြောင်း နန်စီပလော်စီက ပြောကြားခဲ့ပြီးဖြစ်သည်။