အမေရိကန်နိုင်ငံ၏ မဟာရန်သူတော် အီရန်နိုင်ငံသည် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ အခြေစိုက်စခန်းအသစ်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်း ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဇန်နဝါရီ ၁၃ ရက် တွင် ဖော်ပြသည်။
သမ္မတ ဂျိုးဘိုင်ဒင် အာဏာလွှဲပြောင်းရယူရန်အတွက် အချိန်တစ်ပတ် ကျော်မျှသာ ကျန်ရှိတော့သည့်အချိန်တွင် ပွမ်ပီယိုက ယခုကဲ့သို့ ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။
‘’အယ်လ်ကိုင်ဒါအဖွဲ့က အခြေစိုက်စခန်းအသစ် တစ်ခု ရနေပါပြီ။ အဲဒါကတော့ အီရန်နိုင်ငံပါပဲ။ အီရန်ဟာ အာဖဂန်နစ္စတန် လိုမျိုး နိုင်ငံအသစ်တစ်ခု ဖြစ်လာနေပြီလို့ ကျွန်တော်ပြောချင်ပါတယ်။ အယ်လ်ကိုင်ဒါအဖွဲ့အတွက် ပထဝီအနေအထားအချက်အချာကျတဲ့ နိုင်ငံ ပေါ့။ တကယ့်ကို ဆိုးရွားလွန်းလှပါတယ်’’ ဟု မိုက်ခ်ပွန်ပီယိုက ဝါရှင်တန် မြို့ တော်ရှိ အမျိုးသားစာနယ်ဇင်းအသင်း အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြော ကြားရာ၌ ပြောဆိုခဲ့သည်။
ထို့ပြင် လက်ရှိအချိန်၌ အယ်လ်ကိုင်ဒါ အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့များသည် အီရန်နိုင်ငံ၏ အကာအကွယ်အောက်တွင် မြေအောက်လှုပ် ရှားမှုများကို လည်ပတ်ဆောင်ရွက်ခွင့်ရနေပြီဖြစ်ကြောင်း ပွမ်ပီယိုက စွပ်စွဲ ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်တွင် အီရန်စစ်ဦးစီးချုပ် ဟာဆန်ဆိုလီမာနီအား လုပ်ကြံ သတ်ဖြတ်ရာ၌ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သော မိုက်ခ်ပွမ်မီပိုက နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် အီရန်အပေါ် ပိုမိုဖိအားပေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
သို့သော် ပွမ်ပီယို၏ စွပ်စွဲပြောဆိုနေမှုများမှာ အခြေအမြစ်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းဆိုသလို တုံ့ပြန်ပြောကြားခဲ့သည်။

















