ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်အတွက် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များ ရှိနေခြင်းကြောင့် အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန်တစ်ဦးဖြစ်သူ ကယ်လီခရက်ဖ်သည် ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်ဝမ်နိုင်ငံသို့ သွားရောက် မည့်ခရီးစဉ်အား ပယ်ဖျက်ပစ်ခဲ့ကြောင်း အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကယ်လီခရက်ဖ်သည် ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ထိုင်ဝမ်နိုင်ငံ သို့ အလည်အပတ်ခရီး သွားရောက်ရန်စီစဉ်ထားသူဖြစ်ပြီး ယင်းခရီးစဉ်အ ပေါ် တရုတ်နိုင်ငံကလည်း ကန့်ကွတ်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။
ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ အာဏာလွှဲပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှိနေခြင်းကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုသီတင်း ပတ်အတွင်း ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်း၏ ဥရောပ ခရီးစဉ်ကိုလည်း ဖျက်သိမ်းပစ်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ကြီး မိုက်ခ်ပွမ်ပီယိုက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
သို့သော် လူဇင်ဘတ် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဥရောပသမဂ္ဂ အထူးသံတမန်များနှင့် အခြားသော သက်ဆိုင်ရာ သံတမန်များသည် ၎င်း၏ ဥရောပခရီးစဉ်အတွင်း၌ မိုက်ခ်ပွမ်ပီယိုနှင့် တွေ့ဆုံရန်အတွက် စီစဉ်မှုများကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကယ်လီခရက်ဖ်၏ ထိုင်ဝမ်ခရီးစဉ်သည် ဂျိုးဘိုင်ဒင် အစိုးရသစ် မတက်မီ ကာလအတွင်း၌ တရုတ်ကို ဖိအားပေးရန်အတွက် ဒေါ်နယ်ထရမ့် အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ နောက်ထပ်ကြိုးပမ်းဆောင်ရွက်မှု တစ်ခုလည်း ဖြစ်ခဲ့သည်။
ထိုင်ဝမ်သို့ အမေရိကန်အထူးသံတမန်အဖွဲ့ လာရောက်ပါက တူညီသော တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီးဖြစ်သည်။

















