ဖလမ်းမြို့၌ မြို့ ပြစီမံကိန်းအရ မြေကွက် ၁ဝဝဝ ကျော်ဖော်ထုတ်၍ နေရာချထားပေးမည်

ဖလမ်းမြို့၌ မြို့ ပြစီမံကိန်းအရ မြေကွက် ၁ဝဝဝ ကျော်ဖော်ထုတ်၍ နေရာချထားပေးမည်

ချင်းပြည်နယ် ဖလမ်းမြို့တွင် တိုးပွားလာသည့် မြို့နေလူဦးရေနှင့်မြို့ပြစီမံကိန်းအရ လာမည့်ဖေဖော်ဝါရီလအတွင်း မြို့ပြမြေကွက် ၁ဝဝဝ ကျော်ဖော်ထုတ်နေရာချထားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးကပြောသည်။

'' ဖလမ်းမြို့ရဲ့ တိုးပွားလာတဲ့ အိမ်ထောင်စု၊ လူဦးရေကြောင့် အခြေချနေထိုင်နိုင်ကြဖို့ မြေကွက်ပေါင်းထောင်ချီပြီး ချထားဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဖလမ်းမြို့ပြစီမံကိန်းတွေမှာ အချို့သစ်တောကိစ္စတွေ မပြီးပြတ်သေးတာတွေရှိတယ်၊ လုံပီးဘက်မှာလည်း နေရာစီစဉ်ထားတာတွေရှိတယ်၊အကြောင်းအမျိုးမျိုးနဲ့ မပြီးပြတ်သေးတာတွေ ရှိပါတယ်။ လာမယ့် ဖေဖော်ဝါရီလထဲမှာတော့ အားလုံးစီစဉ်ပြီးအောင် ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

ဖလမ်းမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလက မြို့ပြစီမံကိန်းအရ မြေကွက်ပေါင်း၂၄၅ ကွက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြေကွက်လိုအပ်နေသည့် ဒေသခံပြည်သူလူထုအား မဲစနစ်ဖြင့် မြေကွက်များချထားပေးခဲ့သည်။ ဖလမ်းမြို့ မြို့ပြစီမံကိန်းကို ၂ဝ၁၈ ခုနှစ်ဝန်းကျင်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ရာ ယခု ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါဖလမ်းမြို့တွင် မြေကွက်ပေါင်း ၂၄၅ ကွက်ကို တိုးပွားလာသည့် လူဦးရေ၊မြို့ပြစီမံကိန်းများဖြင့် ဖော်ဆောင်နေရာချထားနိုင်ခဲ့ပြီဖြစ်သော်လည်းမြို့၏လိုအပ်ချက်အရ နောက်ထပ်မြေကွက် ၁ဝဝဝ ကျော် ထပ်မံဖော်ဆောင်နေရာချထားရန် စီစဉ်နေခြင်းဖြစ်သည်။

''ဖလမ်းမြို့မှာ အရပ်လေးမျက်နှာက ပြောင်းရွှေ့အခြေချသူတွေက(၂ဝ၁၅) သဘာဝဘေးကျရောက်ပြီးချိန်ကစတင်လို့ များပြားလာပါတယ်။အခုဆိုရင် ကျေးလက်ဒေသကလည်း မြို့ပြမှာလာရောက်နေထိုင်ကြတာမျိုးတွေလည်း ရှိပါတယ်။ ဖလမ်းမြို့မှာ စောစောကလူဦးရေ ငါးသောင်းဝန်းကျင်နေထိုင်ခဲ့ပြီး အခု သိန်းဂဏန်းဝန်းကျင် ကပ်လာပြီဖြစ်ပါတယ်။ဖလမ်းအောက်ဘက်က လိုင်ဇို၊ ထန်နှရာလ်ဆိုတဲ့ရွာတွေဆိုရင် ရွာလုံးကျွတ်ပြောင်းရွှေ့လာကြတယ်၊ ဈေးဆိုင်၊ ဈေးသည်အချို့လည်း မြေပြန့်ကပြောင်းရွှေ့နေထိုင်ကြတာတွေ့ရတယ်''ဟု ဖလမ်းမြို့ မြို့မိမြို့ဖ ဦးပါရ်သဲကပြောသည်။

ချင်းပြည်နယ်တွင် မြို့ပြစီမံကိန်းကို ဖလမ်းမြို့၊ ဟားခါးမြို့နှင့် ပလက်ဝမြို့များတွင် ဖော်ဆောင်လျက်ရှိရာ ဖလမ်းမြို့တွင် ရှေးယခင်က မြို့ပေါ်တွင်ရပ်ကွက်ကြီး(၄)ရပ်ကွက်နှင့် လူနေအိမ်ခြေ ၁၅၆၃ လုံး၊ လူဦးရေ ၉၉၂၁ ဦးသာရှိခဲ့ရာမှ ယခုအခါ လူဦးရေငါးသောင်းကျော်၊ တစ်သိန်းနီးပါးအထိရှိလာကြောင်း ရပ်ကွက်များ ထပ်မံတိုးချဲ့နေရကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး