နေပြည်တော် မြို့တွင်း ယာဉ်ရပ်နားခွန်နှင့် ညအိပ်ခွန်များအပေါ် ဝေဖန်မှုများမြင့်တက် 

နေပြည်တော် မြို့တွင်း ယာဉ်ရပ်နားခွန်နှင့် ညအိပ်ခွန်များအပေါ် ဝေဖန်မှုများမြင့်တက် 

နေပြည်တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်လိုက်သည့် မြို့ဟောင်းသုံးမြို့အတွင်း ကောက်ခံသည့် ယာဉ်ရပ်နားခွန်နှင့် ညအိပ်ခွန်များနှင့်ပတ်သက်ပြီး ဒေသခံများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

အောက်တိုဘာ ၁ ရက်နေ့ကတည်းက စတင် အသက်ဝင်ခဲ့သည့် အဆိုပါ အခွန်ကောက်ခံမှုနှင့်ပတ်သက်သည့် စည်မျဉ်းစည်းကမ်းများကို စည်ပင်က ဇန်နဝါရီ ၁၃ရက်နေ့တွင် ၎င်းတို့၏ Webportal မှတစ်ဆင့် ထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်သည်။

ကိုဗစ်ကြောင့် ပြည်သူများ အဆင်မပြေဖြစ်နေသည့်အချိန်တွင် အခွန်များကောက်ခံသောကြောင့် ဝေဖန်သူများရှိသကဲ့သို့ မြေပြင်တွင် ကောက်ခံသည့်ပုံစံကြောင့်လည်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။ "စည်းကမ်းထုတ်တာကတစ်ဖွဲ့၊ ကောက်တာကတစ်ဖွဲ့။ ပြဿနာက လေလံပေးတဲ့အထိ အဟာရသုခဈေးပါလား မပါလားမသိ။ မပါဘူးဆိုပြီး စာထုတ်ပေမယ့် အောက်ခြေမှာက ကောက်နေတယ်"ဟု ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမြတ်မိုးက ဇန်နဝါရီ ၁၄ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် လိုင်စင်သက်တမ်းတိုးစဉ်က စည်ပင်သို့ ရပ်နားခွန်ပေးဆောင်ပြီးဖြစ်သော်လည်း ယခုကဲ့သို့ထပ်မံကောက်ခံသောကြောင့် နားမလည်နိုင်ဖြစ်ရကြောင်းလည်း ယာဉ်အသုံးပြုသူ တစ်ဦးဖြစ်သည့် ဒေါ်စုလှိုင်ကပြောသည်။

"လိုင်စင်သက်တမ်းတိုးမယ်ဆိုရင် စည်ပင်ကဝန်ထမ်းတွေကိုယ်တိုင် ဘေးမှာလာကောက်နေတာ။ အဲတော့ ဒိမှာထပ်ကောက်နေတဲ့ရပ်နားခွန်က ဘာကိစ္စ ကောက်မှာတုန်း။ အဲတုန်းကဆောင်ခဲ့တဲ့အခွန်က ဘယ်နေရာမှာ အသုံးချရမှာတုန်း"ဟု ၎င်းက ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ ဆောင်ခဲ့သည့် အခွန်သည် အမြန်လမ်းမှ နေပြည်တော် မြို့အဝင်ဂိတ်တွင်သာ ကင်းလွတ်(၅၀၀) ခွင့်ရရှိကြောင်းလည်း ဆက်လက်ပြောကြားသည်။

ယာဉ်ရပ်နားခွန် ကောက်ခံသည့်နေရာများအဖြစ် ပျဉ်းမနားမြို့တွင် ၁၅ နေရာ၊ တပ်ကုန်းမြို့တွင် ၉နေရာနှင့် လယ်ဝေးမြို့တွင် ၅ နေရာရှိကြောင်း ထုတ်ပြန်ချက်အရ တွေ့ရသည်။ "ပျဉ်းမနားမှာတော့ ရှောင်လို့လွတ်တဲ့နေရာရယ်လို့ မရှိသလောက်ပဲ"ဟုလည်း မြို့ခံတစ်ဦးဖြစ်သူ ကိုဇော်ဝင်းထွန်းက ပြောသည်။

အခွန်ကောက်ခံခွင့် လေလံရရှိထားသူများ၏ မြေပြင်တွင် လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး နေပြည်တော်သို့ လာရောက်တာဝန်ထမ်းဆောင်နေသော သတင်းထောက်တစ်ဦးကလည်း " ပုဆိုးပြင်ဝတ်လို့လည်း မရဘူး။ ကားနောက်ဖုံးလေးမကျလို့ ဆင်းပိတ်တာလည်း အလွတ်မပေးဘူး"ဟု ပြောသည်။ 

စည်ပင်၏ ထုတ်ပြန်ချက်တွင်မူ မော်တော်ယာဉ် ရပ်နားလျင်ရပ်နားချင်း ကောက်ခံခြင်းမပြုဘဲ အချိန်အနည်းငယ်စောင့်ဆိုင်းပြီးမှသာ ကောက်ခံရန်ဟု ဖော်ပြပါရှိသည်။ 

အထက်ပါအခြေအနေများနှင့်ပတ်သက်ပြီး နေပြည်တော်စည်ပင်၏ Webportal၌ ဝင်ရောက်ရေးသားနိုင်ကြောင်း စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမင်းသူကပြောသည်။ "အဲဒီ Webportal  ထဲမှာ ကောမင့်ရေးလိုက်။ သက်ဆိုင်ရာဌာနကို ဖြေရှင်းခိုင်းမှာပဲ။ အဲဒါကို အမြဲတမ်း ပြန်ကြားချက်ပေးရတယ်"ဟု ၎င်းက ပြောသွားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်