စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ရပ်/ကျေး စည်းရုံးရေးမှူးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဟုမ္မလင်းမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဝင်းထံမှ သိရသည်။
''ကျွန်တော့်အနေနဲ့ ဘယ်အစုအဖွဲ့ဆိုတာ သေချာမသိရသေးဘူး။ ခေါ်သွားတာ ဇန်နဝါရီ ၁၃ ရက် ည ၇ နာရီလောက်ကပါ။ မိသားစုကိုတော့ ရန်မူတာမလုပ်ပါဘူး။ အသေးစိတ် လိုက်နေတုန်းရှိပါသေးတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆက်စပ် စုံစမ်းနေပါတယ်။ခေါ်သွားတဲ့ဘက်က အကြောင်းပြန်တာမျိုး မရှိသေးပါဘူး''ဟု ဦးဇော်ဝင်းကပြောသည်။
ဖမ်းဆီး ခေါ်ဆောင်ခံရသူသည်အသက် (၄ဝ) ကျော်အရွယ်ရှိ ရပ်/ကျေးစည်းရုံးရေးမှူး ဦးလွင်မောင်ထွေး ဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ခုနှစ်ကတည်းက ရပ်/ကျေး စည်းရုံးရေးမှူးတာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။''မိသားစုက သူ့ကိုဘဲ မှီခိုနေရတာပါ။ လက်လုပ်လက်စား ဖြစ်ပါတယ်''ဟုဦးဇော်ဝင်းက ပြောသည်။ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စုသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်အစပ်တွင် တည်ရှိကြောင်းသိရသည်။
















