တပ်မတော်က မဲစာရင်းစစ်ဆေးခဲ့သည့်နည်းပညာကိုသိရှိလိုဟု ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ MYNFREL ဆို

တပ်မတော်က မဲစာရင်းစစ်ဆေးခဲ့သည့်နည်းပညာကိုသိရှိလိုဟု ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ MYNFREL ဆို

တပ်မတော်က မဲစာရင်းစစ်ဆေးခဲ့သည့် နည်းပညာကို သိရှိလိုကြောင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သည့် MYNFREL (Myanmar Network Organization for Free and Fair Elections)အဖွဲ့၏ ပရိုဂရမ်ဒါရိုက်တာကိုမင်းသုနောင်က ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် ကဏ္ဍစုံမှပညာရှင်များဖြင့်အပတ်စဉ်ဆွေးနွေးနေသည့် Trends in Myanmar အွန်လိုင်းစကားဝိုင်းအစီအစဉ်တွင် ''တပ်မတော်က ရွေးကောက်ပွဲကိစ္စတွေမှာ ပါဝင်သင့်သလား'' ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

''ကျွန်တော်တို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အခါမှာ ဘယ်လိုပုံစံလေ့လာခဲ့တယ်။ မှားနိုင်ခြေရာခိုင်နှုန်း၊ ဘယ်လိုမှလုပ်လို့မရတဲ့အပိုင်းကဘယ်လောက်ပါတယ်ဆိုတာ အသေးစိတ်လုပ်ပြီး ဒီရလဒ်ထွက်တယ်ဆိုတာကိုပြည်သူက ယုံကြည်နိုင်မယ်။ တပ်မတော်က မြန်မာနိုင်ငံထဲမှာလည်းတောက်လျှောက်ပြောနေတာပဲ။ တပ်မတော်က ဘယ်နည်းပညာတွေသုံးပြီး ဒီရလဒ်ထွက်လာတာလဲ။ ရလဒ်တွေဘယ်လောက်ရာခိုင်နှုန်းအထိယုံ ကြည်ရနိုင်သလဲပေါ့၊ ဒါတွေကို ကျွန်တော်တို့မသိဘူး။ အဲ့ဒါသိချင်တယ်။ အဲဒါမှဒီနည်းပညာတွေကိုနောက် ရွေးကောက်ပွဲမှာပြန်အသုံးချနိုင်တာပေါ့''ဟု ၎င်းက ပြောသည်။

တပ်မတော်မဲစာရင်းစစ်ဆေးခဲ့သော နည်းပညာကိုသိရှိပါက နောင်လာမည့် ရွေးကောက်ပွဲများတွင် ပြန်လည် အသုံးချနိုင်မည်ဟု ၎င်းက ပြောသည်။တပ်မတော်က တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ မဲပေးခဲ့သည့်မြို့နယ်၂ဝဝ ကျော်က မဲစာရင်းများကိုစိစစ်ခဲ့ရာ မဲမသမာမှုဖြစ်စေနိုင်သည့်မဲစာရင်းမှားယွင်းမှု ၅ ဒသမ ၄ သန်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကမူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော မဲစာရင်းများသည် အထွေထွေရွေးကောက်ပွဲ၌အသုံးပြုခဲ့သောမဲစာရင်းများမဟုတ်ဟုဆိုသည်။၂ဝ၂ဝ ရွေးကောက် ပွဲရလဒ်ကိုပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များအားလုံးနှင့်နိုင်ငံတကာကပါအသိအမှတ်ထားပြီး ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်