မြန်မာနိုင်ငံသည် ကမ္ဘာ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ (LDC) စာရင်းမှ မကြာမီ လွတ်မြောက်နိုင်တော့မည်ဟု ကုလသမဂ္ဂ၊ မြန်မာရုံး၏ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထုတ် သတင်းစာစောင်တွင် ဖော်ပြပါရှိသည်။
အဆိုပါ LDC စာရင်းမှ လွတ်မြောက်ရေးကိစ္စအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ ဌာန ညှိနှိုင်းရေးမှူးရုံးတို့ ဇန်နဝါရီ ၆ ရက်နေ့က အစည်းအဝေးတစ်ခု ပူးတွဲ ကျင်းပခဲ့ကြသည်။ ယင်း အစည်းအဝေးသို့ မြန်မာဘက်မှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း ဦးဆောင်လျက် ဒုတိယဝန်ကြီး သုံးဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်များပါဝင်သော အဖွဲ့နှင့် ကုလသမဂ္ဂဘက်မှ UNDESA ၊ UNCTAD ၊ OHRLLS ၊ ESCAP နှင့် ကုလသမဂ္ဂ-မြန်မာ ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတစ်ခု၏ LDC အဆင့်အတန်းကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာန (UNDESA)၊ ဖွံ့ဖြိုးရေးမူဝါဒ ကော်မတီ (CDP)၏ အစီရင်ခံစာအပေါ် အခြေခံကာ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ် သတ်မှတ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် LDC မှ လွတ်မြောက်ရေးဆိုင်ရာ စံသတ်မှတ်ချက်များကို ၂၀၁၈ ခုနှစ်အတွင်းက ပထမဆုံး အကြိမ် ပြည့်မီခဲ့ပြီး ယခုလာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ သုံးနှစ်အကြာ ပြန်လည်သုံးသပ်ချက်တွင်လည်း ထပ်မံ ပြည့်မီမည် ဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံအား LDC အဆင့်အတန်းမှ လွတ်မြောက်ရေး ထောက်ခံတင်ပြရန် အရည်အချင်းပြည့်မီလာတော့မည် ဖြစ်သဖြင့် ကြားကာလ ၃ နှစ်မှ ၅ နှစ်အပြီး၌ ယင်း LDC စာရင်းမှ မြန်မာနိုင်ငံကို ဖယ်ထုတ်နိုင်မည် ဖြစ်သည်။
မြန်မာအစိုးရနှင့် ကုလသမဂ္ဂရုံးတို့၏ အစည်းအဝေးတွင် LDC အဆင့်မှ လွတ်မြောက်ရေး လုပ်ငန်းစဉ်၊ LDC အဆင့်မှ လွတ်မြောက်ခြင်း၏ သက်ရောက်မှုနှင့် Covid-19 ရောဂါအခြေအနေ၊ LDC အဆင့်မှ လွတ်မြောက်ရေး ကြားကာလကို ချောမွေ့စွာ ဖြတ်သန်းရေးအတွက် ယခင် တွေ့ကြုံခဲ့သည့် သင်ခန်းစာများနှင့် အကူအညီ လိုအပ်နိုင်သည့် ကဏ္ဍများ၊ စသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
















