ကရင်ပြည်နယ် မြဝတီမြို့နယ် DKBA ထိမ်းချုပ်နယ်မြေတွင် တည်ရှိသော သမိုင်းဝင် ဆုတောင်းပြည့်မုလအိ စေတီတော်သို့ ဘုရားဖူးများလာရောက်ဖူးမြော်လျှက်ရှိကြောင်း သိရသည်။
အဆိုပါစေတီသည် မြဝတီမြို့၏တောင်ဘက် မိုင် ၅ဝ ခန့်အကွာ စုကလိမြို့နယ်ရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၅၇၈ ပေတွင်တည်ရှိကြောင်း သိရသည်။ဘုရားဖူးပြည်သူများ လာရောက်ပါက DKBA တပ်ဖွဲ့က လုံခြုံရေးအပြည့်ယူထားပေးကာ တောင်ခြေမှ DKBA တပ်ဖွဲ့က ဘုရားပေါ်အထိ Vigo ကားများဖြင့် လိုက်ပါပို့ဆောင်ပေးပြီး ကားခအနေဖြင့် တစ်ဦးလျှင်ဘတ်ငွေ ၂ဝဝ ပေးဆောင်ရသည်။
ယခင်က လမ်းများမကောင်းသဖြင့်သွားလာရ ခက်ခဲသော်လည်း ယခုအ ခါ နိုင်ငံတော်အစိုးရနှင့် DKBA တပ်ဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆောင်ရွက်အပြီးဒေသဖွံ့ဖြိုးရေး ကိစ္စများ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုအခါအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်လျှက်ရှိသည်။
မုလအိ တောင်တက်ရာ၌ ဘုရားဖူးများအား သက်သတ်လွတ်သာ စားရခြင်း၊ အရက်သေစာ သောက်စားမှုများ မပြုလုပ်ရခြင်း၊ အပေါ့အလေးကိုဖြစ်သလို မသွားရခြင်း၊ အမျိုးသားနှင့်အမျိုးသမီး စုံတွဲများ မဖွယ်မရာ မပြုလုပ်ရခြင်း၊ ဘောင်းဘီတို၊ စကတ်အတိုများ ဝတ်ဆင်ခွင့် မပြုခြင်း စသည့်စည်းကမ်းချက်များလည်း ထုတ်ပြန်ထားသည်။
















